ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 14, 2010

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း (၂၂)နှစ်မြောက် အခမ်းအနားကျင်းပ

ရိုးမ ၃။ အောက်တိုဘာ ၁၄၊ ၂၀၁၀

အောက်တိုဘာလ (၁၄) ရက်နေ့မှာ ကျရောက်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဖွဲ့စည်း တည်ထောင်ခြင်း (၂၂) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စစ်အုပ်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)နှင့် ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြဆိုသည့် ကြွေးကြော်သံနှင့်အတူ ဆန့်ကျင်တိုက်ဖျက်ရန် နည်းလမ်းများကိုလည်း ပါတီတာဝန်ရှိသူများက အကြံပြုပြောကြားခဲ့သည်။


“မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်တော့ မဲရုံကိုမသွားဘူး မဲသွားမပေးဘူးဆိုတဲ့ နည်းနားဟာ အကောင်းဆုံး ဆန့်ကျင်တဲ့နည်းလို့ ကျနော်တို့မြင်ပါတယ်။ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေအနေနဲ့ကလည်းပဲ မိမိသွားနေတဲ့လမ်းကြောင်းဟာ ထွက်ပေါက်အတုသာဖြစ်တယ် ဆိုတဲ့ဥစ္စာ နားလည်ပြီးတော့မှ ဒီရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းမလုပ်ဘဲ အားလုံးသပိတ်မှောက်လိုက်တဲ့ နည်းနဲ့ ဒီအတုအယောင်ရွေးကောက်ပွဲကြီးကို ဖျက်သိမ်းပြစ်လိုက်သင့်တယ်လို့ ကျနော်တို့ အကြံပေးချင်ပါတယ်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြောသည်။

(၂၂) နှစ်မြောက်ပါတီမွေးနေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီက ၂ဝ၁ဝ ရွေးကောက်ပွဲ ကိစ္စ၊ နိုင်ငံရေးပါတီ ကိစ္စဆိုသည့် ခေါင်းစဉ်နှစ်ခုဖြင့် တင်ပြချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကိစ္စတွင် စစ်အုပ်စု စိတ်ကြိုက်ဖန်တီးထားသည့် အတုအယောင် ရွေးကောက်ပွဲဖြစ်သည့်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ တိုင်းရင်းသားအရေးတွေ ပေါ်ပေါက်လာဖို့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲကို လူမျိုးပေါင်းစုံ ပြည်သူများအနေဖြင့် သပိတ်မှောက်ကြဖို့ တိုက်တွန်းဖော်ပြထားသည်။

နိုင်ငံရေးပါတီကိစ္စတွင် နိုင်ငံရေးသမားတိုင်းနဲ့ နိုင်ငံရေးပါတီတိုင်းဟာ မြေအောက်ပါတီ စည်းရုံးရေးလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ထားရှိဖို့၊ စစ်အုပ်စုက လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်လာရင် လက်နက်စွဲကိုင် ခုခံတော်လှန်ရမယ်၊ ဒီလိုခုခံတော်လှန်တာဟာ တရားမျှတပြီး မှန်ကန်တယ်ဆိုတဲ့ သဘောထားနဲ့ ရွေးလမ်းကို ဖွင့်ထားဖို့ လိုအပ်ကြောင်း၊ အဲဒီ (၂)ချက်မရှိရင် စစ်အုပ်စုက ပြုသမျှ နုရတဲ့ဘဝနဲ့ ပြည်သူကို ထိထိရောက်ရောက် စည်းရုံးနိုင်မှာ မဟုတ်ကြောင်း အကြံပြုထားသည်။

စစ်အစိုးရက အသိမှတ်ပြု တည်ရှိခွင့်ရနေသည့် ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ပါတီ (၃၇) ပါတီရှိပြီဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲဝင်မည့်ပါတီများ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ကိုတိုးတိုးထွန်းက “ဒီပါတီတွေက အဓိက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကို ဝန်ခံကတိလက်မှတ်ထိုးပြီး ခေါင်းလျှိုပြီးတော့မှ ဝင်ရတဲ့ ပါတီတွေဖြစ်နေတယ်၊ ဒီမိုကရေစီရေးအတွက် တိုင်းရင်းသားအရေးအတွက်၊ ဒီတိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေက အကောင်အထည်မဖော်နိုင်ဘူးဆိုတာ ကျနော်တို့ သွားတွေ့ရတယ်။ ဒီပါတီတွေဟာ တကယ့်လက်တွေ့မှာ စစ်အုပ်စုပြုလုပ်တဲ့ ရွေးကောက်ပွဲတို့ ဖွဲ့စည်းပုံတို့ကို တရားဝင်ဖြစ်အောင် အသိအမှတ်ပြုပေးပြီးတော့ သူတို့က အလိုတူအလိုပါလို ဖြစ်နေတာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ဒီပါတီတွေအနေနဲ့က တကယ့်လူထုအတွက် ဆက်လက်ရပ်တည်ဖို့ဆိုလို့ရှိရင် ဒီစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ရှိနေသ၍ ကျနော်တို့ဟာ တကယ့် လူထုအကျိုးအတွက် တိုင်းပြည်အကျိုးအတွက် ဘာမှမလုပ်နိုင်ဘူးဆိုတာကို ပြတ်ပြတ်သားသား လူထုကို မက်ဆေ့ဂ်ျပေးဖို့ လူထုဘက်က ရပ်တည်ဖို့ ကျနော်တို့ တိုက်တွန်းတာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၂၂) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများ၊ တပ်ပေါင်းစု ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအပါအဝင် ဧည့်ပရိသတ် စုစုပေါင်း (၁၀၀) ကျော် တက်ရောက်ခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုတိုက်ပွဲကြီး၏ ရလဒ်ပါတီတခုဖြစ်ပြီး (၁၉၈၈ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ) ၃ နှစ်တာ မြန်မာနိုင်ငံ ဥပဒေတွင်း တရားဝင်ပါတီအဖြစ်ရပ်တည်ခဲ့သည့် နိုင်ငံရေးပါတီဖြစ်သည်။ စစ်အာဏာရှစ်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အ၀ အာမခံနိုင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး လှုပ်ရှားဆောင်ရွက်နေသည့် ပါတီဖြစ်သည်။

No comments:

Post a Comment