ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 1, 2010

အာရုံကြောချွတ်ယွင်းမှု ဝေဒနာခံစားနေရသူအား ဆေးကုသခွင့်မရသေး

ရိုးမ ၃၊ ၁ အောက်တိုဘာ၊ ၂၀၁၀

နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သူ မောင်နေဝင်းစိုးသည် ဆေးကုသမှု မရသည့်အတွက် အာရုံကြော ချွတ်ယွင်းမှု ဝေဒနာကို (၃) နှစ်နီးပါးကြာ ခံစားနေရကြောင်း ထောင်ဝင်စာတွေ့လာသည့် အဒေါ်ဖြစ်သူက ပြောသည်။



စက်တင်ဘာ ၁၈ ရက်နေ့က ခန္တီးထောင်တွင် ထောင်ဝင်စာသွားတွေ့စဉ် မောင်နေဝင်းစိုးက ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

“နားတွေ လေထွက်တယ်၊ ဇာတ်ကြောထိုးတယ်၊ ခြေလက်တွေ ကျဉ်တယ်၊ ခေါင်းမကောင်းဘူး၊ ထောင်ဆရာဝန် မရှိတော့ ခန္တီးမြို့ပေါ်က ဆရာဝန်က လာကြည့်တော့ အာရုံကြော ထိထားတယ်၊ အာရုံကြော ဆရာဝန်အမြန်ပြဖို့လိုတယ်လို့ ပြောတဲ့အကြောင်း ကျမတူက ပြောတယ်” ဟု အဒေါ်ဖြစ်သူက ပြောသည်။

ယင်းကဲ့သို့ ဝေဒနာများခံစားရခြင်းမှာ (၂၀၀၇) ခုနှစ် စက်တင်ဘာလပိုင်းတွင် အင်းစိန်ထောင်အတွင်း နေရစဉ်က စစ်ခွေးတိုက်ပို့ပြီး ရိုက်နှက်ထားခြင်းကြောင့် ဖြစ်ကြောင်း မောင်နေဝင်းစိုးက ပြန်ပြောကြောင်း ၎င်းက ဆက်ပြောသည်။

“အင်းစိန်မှာ အကျဉ်းကျနေတုန်း ၂၀၀၇ ခုနှစ်၊ ၉ လပိုင်းက ရှာဖွေရေးဝင်တယ်၊ ဘာမှ မတွေ့သွားဖူး၊ နောက်တနေ့ ထပ်ဝင်တဲ့အချိန်မှာ စာအုပ်ကြားထဲမှာ ပိုက်ဆံ တထောင်တွေ့တော့ စစ်ခွေးတိုက်ပို့ပြီး ရိုက်တယ်၊ ထောင်ဝင်စာ ၁ လပိတ်လိုက်တယ်၊ ပြီးမှ အိုးဘိုထောင်ပို့တယ် ၁ လကျော်နေပြီး ခန္တီးကို ပို့တာဆိုပြီးပြောတယ်” ဟု အဒေါ်ဖြစ်သူက ဆက်ပြောသည်။

ယင်းကဲ့သို့ (၃)နှစ်နီးပါကြာ ဝေဒနာများခံစားနေရပြီး ဆေးကုခွင့်မရသည့်အကြောင်း အဒေါ်ဖြစ်သူက အထက်အာဏာပိုင်များထံ စာတင်ပြမည်ဟု ထောင်ဝန်ထမ်းများအား ပြောသည့်အခါ အဆင်ပြေအောင်ပြုလုပ်ပေးမည်ဟုသာ ပြောပြီး နေဝင်းစိုးအား ကလေးထောင်သို့ ထပ်မံပြောင်းရွှေ့လိုက်သည်ဟု ပြောသည်။

“ကျမက ထောင်မှာပြောတယ်၊ နားထိခိုက်ထားတယ်၊ အထက်ကိုစာတင်မယ်ပြောတော့၊ မတင်နဲ့ ကျနော်တို့ လုပ်ထားပါတယ်၊ အဲလိုနဲ့ ၂၃ ရက်နေ့မှာ နေဝင်းစိုးကို ခန္တီးကနေ ကလေးကိုပို့တယ်၊ ကျမတို့လဲအပြန် သင်္ဘောပေါ်မှာသွားတွေ့တော့ ထောင်ပြောင်းတယ်ပြောတယ်၊ ၂၅ ရက်နေ့မှာ ကလေးထောင်ကို ရောက်တယ်” ဟု ပြောသည်။

မောင်နေဝင်းစိုးသည် ယခုကဲ့သို့ အာရုံကြောထိခိုက်မှု ဝေဒနာကို သုံးနှစ်ခန့်ခံစားနေရပြီး တစုံတရာ ဆေးကုသခွင့် မရသေးကြောင်း အဒေါ်ဖြစ်သူ ပြောသည်။

စစ်အစိုးရအာဏာပိုင်များက မောင်နေဝင်းစိုးကို ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က မြဝတီနယ်စပ်တွင် ဖမ်းဆီး၍ ပုဒ်မ (၅) ည၊ ၁၃/၁၊ ၁၇/၁ တို့ဖြစ် တရားစွဲဆိုကာ ထောင်ဒဏ် (၁၅) နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment