ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 28, 2010

ပင်စင်စားများ လခတိုးပေးရန် နိုင်ငံတော်အကြီးကဲထံ လက်မှတ်ထိုးတင်ပြ

ရိုးမ ၃။ ၂၈ စက်တင်ဘာ၊ ၂၀၁၀

ဝန်းထမ်းလခ မတိုးခင်က ပင်စင်ယူသွားသည့် ၀န်ထမ်း (၂၈)ဦးက နေစဉ်စားဝတ်နေရေးကြပ်တည်းမှု အခြေအနေတို့ကြောင့် ပင်စင်လခ တိုးမြှင့်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ လက်မှတ်ထိုး တင်ပြတောင်းဆိုခဲ့သည်။



ယခုလ (၂၇) ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်တိုင်း၊ ပဲခူး၊ သနပ္ပင်နှင့် မော်လမြိုင်စတဲ့ မြို့များမှ မီးရထား၊ ဆည်မြောင်း၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးဌာနတို့မှ သက်ပြည့်ပင်စင်စားများက တောင်းဆိုတင်ပြခြင်း ဖြစ်ကြောင်း အကျိုးဆောင်ပေးသူက ပြောသည်။

“သူတို့တွေက လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်လောက်ကတည်းက ပင်စင်ယူခဲ့တဲ့သူတွေ၊ သူတို့တွေက အင်မတန်ဒုက္ခရောက်နေတာ၊ မိုးတွင်းကာလ အမိုး မိုးဖို့ မရှိဘူး၊ အကာ ကာဖို့ မရှိဘူး၊ ကလေးတွေရောဆိုတော့ စားဖို့ နေဖို့ တော်တော်ဒုက္ခရောက်တာ၊ တချို့ဆိုရင် မနက်စာရှိပြီး ညစာမရှိအခြေအနေတွေဖြစ်နေတာ၊ တချို့သားသမီးတွေကျတော့လည်း အိမ်ထောင်တွေကျပြီး ပြန်မထောက်ပံ့နိုင်ကြတော့ဘူး” ဟု အကျိုးဆောင်ပေးနေသူက ပြောသည်။

ယခင်ဝန်ထမ်းများလခ မတိုးခင်အချိန်က ပင်စင်ယူခဲ့ကြသူများဖြစ်သည့်အတွက် ၎င်းတို့၏ ပင်စင်လခမှာ တလလျှင် ကျပ်ငွေ (၂၀၀)မှ အမြင့်ဆုံး (၆,၀၀၀) ကျပ်အထိသာရှိကြောင်း အကျိုးဆောင်ပေးသူက ဆက်ပြောသည်။

“အခု လက်မှတ်ထိုးတင်ပြထားတာက မီးရထားဝန်ထမ်း ပင်စင်စား (၉)ဦး၊ ဆည်မြောင်းက (၁၂) ဦး၊ စိုက်ပျိုးရေးက (၂) ဦးနဲ့ ကုန်သွယ်ရေးဌာန (၅) ဦးဖြစ်တယ်၊ သူတို့တွေက အနိမ့်ဆုံး ဝန်ထမ်းတွေကနေ အမြင့်ဆုံး အင်ဂျင်နီယာဝန်ထမ်းတွေအထိ ပါတယ်” ဟု ဆက်ပြောသည်။

အဆိုပါ ပင်စင်စားများ၏ လခတို့မြှင့်ပေးရန် တောင်းဆိုတင်ပြချက်ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ နေပြည်တော်အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ UNDP အဖွဲ့၊ အမေရိကန်သံရုံးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ထံ ပူးတွဲတင်ပြထားသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေ ပို့မယ်ဆိုတာက ပြည်သူထောက်ခံထားတဲ့ ပါတီတရပ်အနေနဲ့ ကျနော်တို့က အသိမှတ်ပြုထားတဲ့အတွက် ပို့ရမယ်လေ၊ အခုချိန်ထိ နေပြည်တော်က အကြောင်း ပြန်တာမရှိသေးဘူး” ဟု ပြောသည်။

မကြာခင် လပိုင်းအတွင်းကလည်း ပညာရေးဝန်ထမ်း ပင်စင်စားများအနေဖြင့် စားဝတ်နေရေးကြပ်တည်းမှုများကြောင့် ပင်စင်လခများ တိုးပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာရေးတင်ပြ တောင်းဆိုထားခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားခဲ့ခြင်း မရှိပေ။

No comments:

Post a Comment