ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 27, 2010

NLD အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်

ရိုးမ ၃။ ၂၇ စက်တင်ဘာ၊ ၂၀၁၀

စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာထားသော်လည်း ဥပဒေကြောင်းအရ တရားဝင်ခြင်းမရှိသည့်အတွက် ရွေးကောက်ပွဲလွန်ကာလအထိ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး (၂) ဦးမိုးဇော်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီဖွဲ့စည်းတည်ထောင်ခြင်း (၂၂) နှစ်မြောက် အခမ်းအနားတွင် ပြောကြားခြင်းဖြစ်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဥပဒေကြောင်းအရ ဖြစ်စေ၊ ပြည်သူလူထု၏ ထောက်ခံမှုအရဖြစ်စေ၊ အခု လက်ရှိအချိန်အထိ တရားဝင်ဆဲ ဖြစ်ပါတယ်၊ ဥပဒေကြောင်းအရဆိုရင် ၁၉၈၈ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခဲ့ခြင်းဖြစ်သလို အဲဒီဥပဒေမှာပါတဲ့ အချက်တွေကို ဒီနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တစုံတရာ ချိုးဖောက်ခဲ့ခြင်း မရှိပါဘူး၊ နောက်တခု ၉၀ ရွေးကောက်ပွဲတုန်းက အဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများဆုံးရခဲ့ပြီး အနိုင်ရခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်၊ အဲဒီရွေးကောက်ပွဲရလာဒ်ဟာ အခုချိန်ထိ တရားဝင်ဆဲ အသက်ဝင်ဆဲဖြစ်တယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည်ဖော်ပေးခြင်းမရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းခိုင်းခြင်းသည် ဥပဒေကြောင်းအရ တရားမဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီရွေးကောက်ပွဲရလာဒ်ဟာ အခုချိန်ထိ တရားဝင်ဆဲ အသက်ဝင်ဆဲဖြစ်တယ်လို့ ပြောလို့ရပါတယ်၊ အဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ ပြောတာဟာ လူထုထောက်ခံမှု သဘောသဘာဝအရဆိုရင်လည်း တရားမဝင်ပါဘူး၊ အဲဒါကြောင့် အဖွဲ့ချုပ်ဟာ ဆက်လက်ရပ်တည်ဆဲ ရှင်သန်ဆဲ ဖြစ်ပြီး လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်သူလူထုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ဦးမိုးဇော်ဦးက တိုက်တွန်းပြောသည်။

“ပြည်သူလုထုအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အားလုံးကြားနေ မြင်နေရအတိုင်း ရွေးကောက်ပွဲကို သူတို့ ၂၀၀၈ အခြေခံဥပဒေအရ ပြုလုပ်တာဖြစ်တယ်၊ အဲဒီဥပဒေကလည်း အဓမ္မအတည်ပြုထားပြီး မတရားတဲ့ ဥပဒေဖြစ်တယ်၊ အဲလိုမျိုးနဲ့ ပြုလုပ်မဲ့ရွေးကောက်ပွဲကို လုံးဝ လက်မခံပါဘူး” ဟု ပြောသည်။

စစ်အစိုးရပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများသည်လည်း တရားမျှတမှု မရှိကြောင်း၊ နိုင်ငံရေးပါတီများကို ဖျက်ဆီးထားခြင်းတို့ကြောင့် ရွေးကောက်ပွဲ ရလာဒ်များသည် ယုံကြည်၍ မရကြောင်း ၎င်းက ဆက်ပြောသည်။

အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တက်သည့်ပညာရှင်များ၊ ဦးတင်ဦး ဦးဆောင်သည့် မျိုးချစ်ရဲဘော်ဟောင်းများနှင့် ဦးအောင်ကြည်ဦးဆောင်သည့် လူပုဂ္ဂိုလ်များပါဝင်သည့် အခြေခံအင်အားစု သုံးရပ်ဖြင့် ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးပါတီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ် ၃၉၂ ဦး မဲပေးခံခဲ့ရပြီး တရားဝင် ပြည်သူလူထုက အာဏာအပ်နှင်းခံရသည့် ပါတီဖြစ်သည်။