ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 23, 2010

သစ်တာဝန်ကြီးက ထောက်ခံမဲရရန် လယ်သမားများကို ငွေထုတ်ချေးနေ

ရိုးမ ၃၊ စက်တင်ဘာ ၂၃၊ ၂၀၁၀

သစ်တောဝန်ကြီး ဦးသိန်းအောင်က ရွေးကောက်ပွဲတွင် ၎င်းအားမဲထည့်ရန်အတွက် ဒေသခံလယ်သမားများအား စက်ရေတွင်းတူးရန် ချေးငွေများ ထုတ်ပေးနေလျှက်ရှိသည်။

ယခုလဆန်းပိုင်းမှ စတင်၍ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ကျေးရွာအုပ်စု (၆)အုပ်စုမှ လယ်သမားများအား ရေရရှိရေးအတွက် စက်ရေတွင်းများတူးရန် အတိုးနှုန်းဖြင့် ငွေချေးပေးနေခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

အဆိုပါချေးငွေထုတ်ပေးသည့် ကျေးရွာများမှာ ခြောက်ရွာအုပ်စု၊ ကျွဲဆင်းအုပ်စု၊ လိပ်ပေါင်ဆွဲအုပ်စု၊ သပြေကုန်းအုပ်စုနှင့် နွားခြံကျေးရွာအုပ်စုတို့ဖြစ်သည်။

“အဲဒါက ချေးငွေယူကြတဲ့ လယ်သမားတိုင်းက ဦးသိန်းအောင်ကို ထောက်ခံမဲ ထည့်ရမယ်ပြောတယ်၊ သူတို့ပြောတာက လယ်သမားတွေအတွက် စပါးစိုက်ပျိုးမယ်ဆိုရင် ရေကောင်းကောင်းရမှ စပါးအထွက်ကောင်းမယ်ဆိုတော့ လယ်သမားတွေတချို့က ချေးရတာပေါ့” ဟု ဒေသခံက ပြောသည်။

စက်ရေတွင်းတူးရန်အတွက် တတွင်းလျှင် ငွေကျပ်(၁၈၀,၀၀၀) နှုန်းဖြင့် ထုတ်ချေးနေခြင်းဖြစ်ပြီး ချေးငွေတဝက် ( ၉၀,၀၀၀) ကျပ်ကို ၂၀၁၁ ခုနှစ်တွင် အတိုး ၃ ကျပ်နှုန်းဖြင့် ပြန်ဆပ်ရမည်ဖြစ်ကာ ကျန်ငွေကို အတိုးမဲ့ ပြန်ဆပ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဦးသိန်းအောင်သည် အင်္ဂပူမြို့နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောင်အရွေးခံမည်ဖြစ်ပြီး ထောက်ခံမဲများရရှိဖို့ ကျပ်ငွေ သန်းပေါင်း သောင်းနှင့်ချီ၍ အကုန်ကျခံ စည်းရုံးမှုများပြုလုပ်နေလျှက်ရှိကာ ရွေးကောက်ပွဲကာလအတွင်း ၎င်းနေထိုင်ရန်အတွက် အင်္ဂပူမြို့ပေါ်တွင် သိန်းထောင်ကျော်တန်သည့် နေအိမ်ကိုလည်း ဆောက်လုပ်ထားသူ ဖြစ်သည်။