ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 21, 2010

ပဋိပက္ခများ ရပ်တန့်ပြီး ငြိမ်းချမ်းရေးတည်ဆောက်လိုကြောင်း PNLO ပြော

ရိုးမ ၃။ စက်တင်ဘာ ၂၁၊ ၂၀၁၀

နအဖ စစ်အုပ်၏ ခိုင်စေမှုကြောင့် ပအိုဝ်းအမျိုးသားအချင်းအချင်း ပဋိပက္ခဖြစ်ပွားမှုများ ရပ်တန့်ပြီး ငြိမ်းချမ်း ရေးတည်ဆောက်လိုကြောင်း ယနေ့ကျရောက်သည့် နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းက ပြောသည်။

ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)သည် အမျိုးသားရေးကိုကျောခိုင်း၍ စစ်အာဏာရှင်အလိုကျ လုပ်ဆောင်နေမှုများရပ်တန့်ရန် ယခုကဲ့သို့ တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။

“ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNO တပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အကြားမှာ ပဋိပက္ခ ဖြစ်အောင် နအဖ အနေနဲ့ ဖန်တီးနေတဲ့အပေါ် စစ်အစိုးရခိုင်းတဲ့အတိုင်း အချင်းချင်းတိုက်ခိုက်တာ တွေကို မလုပ်ဖို့ အထူးတိုက်တွန်းချင်တယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေး အတွက် PNO ကနေထဲထဲဝင်ဝင် ပုခုံးထမ်းတင် ဆောင်ရွက်ပေးနေတာတွေကို ရပ်ဆိုင်းပေးဖို့ ဒီနေ့မှာ အဓိကတောင်း ဆိုတာဖြစ်တယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အနေဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးပေါ်ပေါက်ရန်နှင့် ဒီမိုကရေစီအရေးတို့အတွက် စစ်ရေးကိုအခြေခံ၍ နိုင်ငံရေးကို အဓိကထားဆောင်ရွက်နေပြီး စစ်လိုလားသူ များ မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ ပထမဆုံးအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး စစ်စစ်ကိုကျနော်တို့ လိုလားတယ်၊ ပအိုဝ်း ဒေသမှာလဲ ငြိမ်းချမ်း ရေးကို တည်ဆောက်ချင်တယ်၊ အဲဒီမှာ ပအိုဝ်းအမျိုးသားအချင်းချင်းဖြစ်မဲ့ ပဋိပက္ခတွေကတဆင့် လက်နက် ကိုင် ပြဿနာတွေကို မဖြစ်အောင် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်တွေ ဝိုင်းဝန်းကျိုးစားကြဖို့ အဓိကထား ပန်ကြားလိုတယ်” ဟုခွန်မြင့်ထွန်းက ပြောသည်။

လက်ရှိ နအဖအနေဖြင့် (PNO)ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဝင်များအား ဖိအားပေး၍ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ်အား တောနင်းရှာဖွေတိုက်ခိုက်မှုများကို ရပ်တန့်ရန်လိုအပ်ပြီး ပအိုဝ်းမိဘပြည်သူများကို ကာကွယ် စောင့်ရှောက်ရန်အဓိက လိုအပ်သည်ဟု ပြောသည်။

“ကျနော်တို့ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး၊ ပြည်သူလူအနေနဲ့က မဲရုံမသွားဘဲနေလို့ရတယ်၊ မဲမပေးဘဲနေခွင့်ရှိတယ်ဆိုတာ စည်းရုံးပြောတာလုပ်နေတယ်၊ စစ်အစိုးရ အနေနဲ့ ကလဲ တိုင်းရင်းသားလူမျိုးစုတွေအပေါ်တွင်မကဘဲ မြို့ပေါ်များပါအထိ သတ်ဖြတ်မှုတွေကို ကျူးလွန်လာတာ ဟာ ပြည်တွင်းစစ်ကို ပြန်စတင်နေတယ်ဆိုတဲ့သဘောဘဲဖြစ်ပါတယ်၊ အဲဒါတွေကိုရပ်တန့်ဖို့လိုတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းမှတ်အဖြစ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး/ ညီညွှတ်ရေးမှတဆင့် ပအိုဝ်းနယ်မြေ ငြိမ်းရေးကို ဦး တည်၍ PNA ပြည်သူ့စစ်အဖွဲ့များအား အချက် (၄)ချက်ပါသည့် ကြေညာချက်တစောင်ထုတ်ပြန်တောင်းဆို ခဲ့သည်။