ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 17, 2010

ဒို့ဗမာအစည်းအရုံးဝင် သခင်အုန်းမြင့် ကွယ်လွန်

ရိုးမ ၃၊ စက်တင်ဘာ ၁၇၊ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုအထောက်ကူပြုအဖွဲ့ ဒုဥက္ကဌ သခင်အုန်းမြင့်သည် ယနေ့နံနက် ၄ နာရီခွဲအချိန်တွင် ကွယ်လွန်သွားသည်။

သခင်အုန်းမြင့်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား (၈)လေးလုံး အရေးတော်ပုံ နောက်ပိုင်း အနီးကပ်ကူညီ စောင့်ရှောက်ခဲ့သူတဦးဖြစ်ကာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်လည်း ဒို့ဗမာအစည်းအရုံးအဖွဲ့ဝင်တဦးဖြစ် ပါဝင်ခဲ့သူတဦးဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အနီးကပ် နေခဲ့သူတဦးဖြစ်သကဲ့သို့ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် စာရေးဆရာ၊ သတင်းစာဆရာအဖြစ်နှင့် နိုင်ငံရေးအတွေးခေါ် စာပေများရေးသားရာတွင် တိုးတက်ရေး ဦးအုန်းမြင့်အမည်ဖြင့် အထူးထင်ရှားခဲ့သူဖြစ်သည်။

သခင်အုန်းမြင့်သည့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီပေးနေသူတဦးဖြစ်ပြီး စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ကာ ၁၉၉၈ ခုနှစ်တွင် ကျောင်းသားသမိုင်းမှတ်တမ်းတင်သူ တဦးကို ကူညီခဲ့သည့်အတွက် နောက်ဆုံးထောင်ဒဏ် (၇) နှစ်ချမှတ် ခံခဲ့ရသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီဖြစ်ပြီး နောက်ဆုံးအချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုအထောက်အကူပြုအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့သည်။

သခင်အုန်းမြင့်၏ ရုပ်ကလာပ်ကို (၁၉-၁၀-၂၀၁၀)ရက် တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်သည်။

No comments:

Post a Comment