ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 15, 2010

ဗိုလ်သန်းရွှေ တရုတ်ပြည် ခရီးစဉ်သတင်းပေါ်က တွေ့ရတဲ့အချက်အလက်အချို့

တူမောင်ညို

ဘာရည်ရွယ်ချက်ရှိသလဲတော့ မပြောတတ်ပါဘူး။

တပ်တွင်းက နေရာချထားရေးသတင်းတွေကို (နအဖ) စစ်အစိုးရက တိတိကျကျရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မရှိပါဘူး။

အပြောင်းအလဲရှိတယ်ဆိုရင် ပထမဦးစွာ ကောလဟလလိုလိုနဲ့ သတင်းတွေထွက်လာတာကနေ စတာပဲ။ နောက်တော့မှ သတင်းစာထဲမှာ အဲဒီအပြောင်းအလဲတွေကို လက်တွေ့သိကြရတယ်။ (နအဖ) စစ်အုပ်စုရဲ့လုပ်နည်းလုပ်ဟန်တစ်ခုလို့ပဲ မှတ်သားထားရမှာပါ။

သြဂုတ်လနှောင်းပိုင်းမှာစပြီး တပ်ထဲက အပြောင်းအလဲသတင်းတွေကြားလာရပါတယ်။ ဒါတွေကို ဘယ်သူကမှ သီးခြားအတည် ပြုပေးနိုင်ခြင်း မရှိပါဘူး။

ဒါပေမယ့် ပထမဦးစွာသတိထားမိတာက သြဂုတ်လ ၂၇ ရက်နေ့သတင်းစာမှာ (ရမခ)/ (နပခ)/(လပခ) တိုင်းမှူးတွေရဲ့ သတင်းတွေဖေါ်ပြပါရှိခဲ့ပေမယ့်။ သြဂုတ်လ (၂၈/၂၉) ရက်နေ့သတင်းစာတွေမှာတော့ တိုင်းမှူးတွေ သတင်းဖေါ်ပြခြင်း မရှိပါဘူး။ အဲဒီရက်ပိုင်းတွေမှာ တပ်တွင်းအပြောင်းအလဲ သတင်းတွေကို မီဒီယာတွေအားလုံးလောက်က ဖေါ်ထုတ်နေပါပြီ။

တဖန် သြဂုတ်လ (၃၀)ရက်နေ့ သတင်းစာမှာတော့ (နပခ)တိုင်းမှူး ရခိုင်ပြည်နယ်၊ သယု(ပဲပဒိုင်)ကြိုးတံတားဖွင့် ပွဲတက်ရောက်တဲ့ သတင်းဖေါ်ပြထားပြန်ပါတယ်။

သြဂုတ်လ (၃၁) ရက်သတင်းစာမှာတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်းသတင်း စတင်ဖေါ်ပြပါရှိလာပါတယ်။ ဒီသတင်းဟာ ပြင်ပမီဒီယာတွေကနေ ကြားသိနေရတဲ့ တပ်တွင်းအပြောင်းအလဲသတင်းတွေကို စတင်အတည်ပြုလိုက်ပေးလိုက်တာလို့ ပြောနိုင်မယ် ထင်ပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် ယခင်တိုင်းမှူးဟာ ဗိုလ်ချုပ်ဝင်းမြင့် ဖြစ်ပါတယ်။

တိုင်းမှူးအသစ်အဖြစ် စတင်တာဝန်ယူစဉ်မှာတော့ “ဗိုလ်မှူးချုပ်” အဆင့်နဲ့ပါပဲ။

သိပ်မကြာမြင့်လှတဲ့ ကာလတစ်ခုရောက်တဲ့အခါ “ဗိုလ်ချုပ်” အဆင့်သို့ တိုးသွားလေ့ရှိပါတယ်။

စစ်တိုင်းဌာနချုပ် (၁၃) ခုရှိတဲ့အနက် နေ့စဉ်ထုတ် သတင်းစာမှာဖေါ်ပြထားတဲ့ သတင်းတွေအရ (စက်တင်ဘာလ ၁၅) ရက်နေ့အထိ (ရမခ)၊ (ကမ်းရိုးတန်းဒေသတိုင်း) စစ်တိုင်းဌာနချုပ်(၂)ခုကလွဲပြီး ကျန်စစ်တိုင်းဌာနချုပ် (၁၁)ခုက တိုင်းမှူးအသစ်တွေကို အတည်ပြုနိုင်ပြီဖြစ်ပါတယ်။ သိရှိနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် ယခင် (လပခ)တိုင်းမှူး ဗိုလ်ချုပ်တင်ငွေနဲ့ ယခင်(နမခ) တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးတို့ဟာ “ကာကွယ်ဝန်ကြီးဌာနမှ” ဆိုတဲ့ ဝိသေသနှင့်အတူ သတင်းစာတွေထဲ ဖေါ်ပြလာပါတယ်။ ဗိုလ်ချုပ်တင်ငွေက ရန်ကုန်တိုင်းအတွင်းက လုပ်ငန်းတွေ စစ်ဆေးကြည့်ရှုတဲ့သတင်းနဲ့ ဗိုလ်ချုပ်မြင့်စိုးကလည်း မန္တလေးတိုင်းအတွင်းက လုပ်ငန်းတွေ စစ်ဆေးကြည့်ရှုတဲ့သတင်းတွေ သတင်းစာမှာဖေါ်ပြထားပါတယ်။ ဒါကြောင့် ယခင်တိုင်းမှူးတွေထဲကအချို့ဟာ (ကစထမှူး) တွေဖြစ်လာတယ်လို့ ယူဆနိုင်ပြီဖြစ်ပါတယ်။

ယခင်ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦးကို “စစ်ရေးချုပ်” အဖြစ် စက်တင်ဘာလ ၁၁ ရက်နေ့ သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ဒါဆိုဆက်လက်အတည်မပြုနိုင်တာ/သီးခြားအတည်မပြုနိုင်သေးတာ ဘယ်သူတွေ ကျန်သေးသလဲ။

(တမခမှူး) / (စကခမှူး) တွေနဲ့ အဲဒီနေရာတွေမှာ ယခင်တာဝန်ယူခဲ့သူတွေ ဘာဖြစ်သွားသလဲဆိုတာပါပဲ။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေ ဘာဖြစ်သွားပြီလဲ။ ဥပမာ ဗိုလ်မြင့်ဆွေ/ဗိုလ်ရဲမြင့်(စရဖ) တို့ဘယ်လိုလဲ။

ဗိုလ်သန်းရွှေ တရုတ်ပြည်ခရီးစဉ်ပေါ်က တွေ့ရတာတွေကို ပြောရရင် ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့ကို (နအဖ)ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ်သာ ဖေါ်ပြထားသည်။

ယခင်ကလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)စတဲ့ အဆင့် တာဝန်များနဲ့ယှဉ်တွဲ ဖေါ်ပြခြင်း မရှိပါ။

ယင်းသို့ဖေါ်ပြချက်ကို ဗိုလ်သန်းရွှေထံမှ မလေးရှားဘုရင်ထံသို့ ပေးပို့သည့် မလေးရှားနိုင်ငံ၏ (၅၃) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် စတင်သတိပြုမိပါတယ်။ သို့သော်လည်း သူတို့ ၂ ဦးသည် အခြားသူများကဲ့သို့ “ဗိုလ်” မှ “ဦး”သို့ ယခုအချိန်ထိ ပြောင်းလဲခြင်းတော့ မရှိသေးချေ။

တရုတ်ပြည်ခရီးစဉ်သတင်းပေါ်ကနေ သိရတာကတော့ “ဗိုလ်” မှ “ဦး”ပြောင်းသွားသူများမှာ သူရဦးရွှေမန်း၊ သီဟသူရဦးတင်အောင် မြင့်ဦးနှင့် ဦးတင်အေးတို့ဖြစ်ပါတယ်။ သူတို့ဟာ (နအဖ)ကောင်စီဝင်တွေ ဖြစ်ပါတယ်။ (နအဖ) ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ဆိုသူတွေကတော့ “ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး” တွေဖြစ်မြဲဖြစ်နေပေမယ့်၊ (နအဖ) အတွင်းရေးမှူး (၁) နဲ့ အခြားသော ကောင်စီဝင်အချို့ကတော့ “ဦး”တွေ ဖြစ်သွားတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါနဲ့တဆက်ထဲသိနိုင်တာကတော့ “နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ” (နအဖ) ကိုယခင်ကလို “စစ်ဗိုလ်” တွေနဲ့ ချည်းဖွဲ့စည်းထားတာ မဟုတ်တော့ဘူးဆိုတာပါပဲ။

ဒါကြောင့်အပြောင်းအလဲဆိုတာမှာ စစ်တပ်ထဲက နေရာချထားရေး အပြောင်းအလဲတင်မကဘဲ၊ (နအဖ) ထဲမှာပါ အပြောင်းအလဲရှိနေတာကို ထင်ဟပ်ဖေါ်ပြနေပါတယ်။ (နအဖ)ဆိုတာ အာဏာကိုချုပ်ကိုင်ထားနိုင်သူ “စစ်ဗိုလ်ချုပ်” လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ “ဘုရင့်ကောင်စီ”သာ ဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်သူလဲ။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘယ်သူလဲ။

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းတွေက အလိုလိုပေါ်လာတာပါ။

ဗိုလ်သန်းရွှေရဲ့ တရုတ်ခရီးစဉ်အသွားအပြန်သတင်းမှာ ကာကွယ်ရေးဦးစီချုပ် (ရေ) နဲ့ (လေ)ကိုသာ အမည်နဲ့တကွ ဖေါ်ပြထားပေမယ့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဘယ်သူလဲ ဆိုတာ ဖေါ်ပြထားခြင်း မရှိပါဘူး။

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကို ဗိုလ်မောင်အေး ယူထားတာဖြစ်ပါတယ်။

ဒီတာဝန်နဲ့ အဆင့်နေရာတွေကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ကပဲ ဆက်လက်ရယူထားသေးသလား။

ဒါဆိုရင် ဘာဖြစ်လို့အဆိုပါတာဝန်တွေကို ယခင်ကလိုထည့်သွင်းမကြေညာရတာလဲ။

နံပါတ်ဝမ်း ဘယ်သူလဲ။

လောလောဆယ်တော့ နံပါတ်ဝမ်းဟာ ဗိုလ်သန်းရွှေပဲ ဖြစ်မြဲဖြစ်နေပါတယ်။

ဘာလို့လဲဆိုတော့ လက်ရှိအပြောင်းအလဲကို ဗိုလ်သန်းရွှေကပဲ စီစဉ်ညွန်ကြားနေလို့ဖြစ်ပြီး။ တပ်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ “ဗိုလ်ချုပ်မှူးကြီး” ဆိုတဲ့ အဆင့်နေရာကို သူကပဲ ရယူထားသေးလို့ဖြစ်ပါတယ်။

နံပါတ်တူးကတော့ ဗိုလ်မောင်အေးပဲ ဖြစ်ပါတယ်။ သူကလည်း တပ်ရဲ့ ဒုတိယအမြင့်ဆုံး ရာထူးဖြစ်တဲ့ “ဒုတိယဗိုလ်ချုပ်မှူးကြီး” ဆိုတဲ့အဆင့်နေရာကို သူကပဲ ယူထားလို့ဖြစ်ပါတယ်။

ဒါ့အပြင် (နအဖ) ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌဆိုတဲ့ ထိပ်ဆုံးနေရာတွေကိုလည်း ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ကပဲ ဆက်လက်ရယူထားဆဲဖြစ်ပါတယ်။

ဒီလိုဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (နံပါတ်ဝမ်း) ဘယ်သူလဲ။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်သူလဲ။

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဘယ်သူလဲ။

နံပါတ်ဝမ်းကို မကြေညာသေးတာလား။ နံပါတ်ဝမ်းအလောင်းအလျာဟာ ဘယ်သူဖြစ်မလဲ။

ဒိတ်ကုန်သွားတဲ့ နံပါတ်ဝမ်းက နံပါတ်ဝမ်းအသစ်ကို မီးသေပေမယ့် ဂျိုတူဒေါက်တူတွေနဲ့ အောက်ခြေတပ်မှူးတပ်သားတွေက နံပါတ်ဝမ်း အသစ်ကို မီးသေပါ့မလား။ လေးစားခန့်ငြားပါ့မလား။ ဗိုလ်တောင်းစိန်ခေါ်မှုတွေဖြစ်မလာနိုင်ဘူးလား။

နံပါတ်ဝမ်းအသစ်လို့ ပြောနေတဲ့သူ/တစ်ပြေးနေတဲ့သူကို ပြည်ပရောက် ထောက်လှမ်းရေး ဗိုလ်ဟောင်းတစ်ဦးက “ဒူကြီး” လို့ ခေါ်နေပါပကော။

တူမောင်ညို
(၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်)

No comments:

Post a Comment