ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 16, 2010

ကြံ့ဖွံ့စည်းရုံးရေးတွင် ထောက်ခံမဲတပါးတည်းယူနေ

ဖြိုးကြီး၊ ၁၆ စက်တင်ဘာ၊ ၂၀၁၀

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက စည်းရုံးမှုများပြုလုပ်ရာတွင် ထောက်ခံမဲ တောင်းယူနေခြင်းကို တပါတည်း လုပ်ဆောင်နေလျှက်သည်။

ပုသိမ်မြို့ပေါ်ရှိ အမှတ် (၁)၊ (၆)၊ (၇)၊ (၈)၊ (၁၄)၊ ရပ်ကွက်များတွင်း ယင်းကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“ကြံ့ခိုင်ရေးကဒ်ကို သူတို့က ပေးတယ်၊ အဲဒီကဒ်ပေးရင် ခရီးသွားလို့ကောင်းတယ်ပေါ့၊ သူစည်းရုံးတာက ခင်ဗျားတို့ မဲတော့ပေးကြပါ၊ ဒီကဒ်ကိုတော့ ဖြဲရင်လဲဖြဲလိုက်ပါဆိုပြီး အောက်ခြေသိမ်းပြော စည်းရုံးနေတာပါ။ ဝင်တဲ့သူတွေ အားလုံးကို ဆန္ဒမဲကောက်ယူလိုက်တာ၊ လူထုက မသိတော့ နားယောင်တာပေါ့” ဟု ကိုယ်တိုင်စည်းရုံးခံရသူ ဒေသခံက ပြောသည်။

ယင်းကဲ့သို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စည်းရုံးရာတွင် ရည်ရွယ်ချက် (၇) ချက်ဖြင့် စည်းရုံးနေခြင်းဖြစ်ပြီး အခြားပါတီများထက် ပေါ်ပေါ်တင်တင် နေ့စဉ်ရက်ဆက် စည်းရုံးနေခြင်းဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။

“သူတို့က ဘယ်လောက်ထိလဲဆိုရင် ကြံ့ခိုင်ရေးကိုတော့ မဲထည့်လိုက်ပေါ့၊ မဲထည့်ပြီးမှ မကြိုက်ရင်လည်း ထုတ်ပေးထားတဲ့ ကဒ်တွေကို ဆွဲဖြဲပစ်လိုက်ပေါ့၊ လောလောဆယ် ဒီစစ်အစိုးရ မကောင်းဘူးဆိုတာ သူတို့လည်း သိတယ်ပေါ့၊ ကြံ့ခိုင်ရေးကဒ်ကို သူတို့ကပေးတယ်” ဟု ပြောသည်။

၎င်းတို့ စည်းရုံးရာတွင် မဏ္ဍိုင်ထားသည့် ရည်ရွယ်ချက် (၇) ချက်မှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စီးပွားရေးလုပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ အသင်းပင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးချယ်ခွင့်၊ ပညာသင်ကြားခွင့် (ဆိုရာမှာ- မူလတန်းကနေ အလယ်တန်းအထိ အခမဲ့ပညာသင်ကြားခွင့်) နှင့် နိုင်ငံသားတို့၏မွေးရာပါ အခွင့်အရေး ဆိုသည့်အချက်များ ပါဝင်ကြောင်း ၎င်းကဆက်ပြောသည်။

ပုသိမ်မြို့တွင် အမှတ်(၁) မဲဆန္ဒနယ်မြေတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါက်တာ ခင်ခင်စီ၊ အမှတ် (၂) မဲဆန္ဒနယ်မြေတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးအောင်ကျော်စိန်တို့ (၂) ဦးအား အမာခံထား စည်းရုံးနေလျှက်ရှိပြီး ရယက (၁၄) အပိုင် ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးထွန်းထွန်းက အကူညီပေးနေကြောင်း ၎င်းဒေသခံက ပြောသည်။

No comments:

Post a Comment