ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 19, 2010

အချက်အလက် ဆင်းရဲခေါင်းပါးရှာသော ငါးမင်းဆွေသို့

တူမောင်ညို

ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က လှမ်းပြောတာပါ။

မတ်လ ၁၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာထဲက “ငါးမင်းဆွေ” ဆောင်းပါးမှာ ခင်ဗျားကို “ထိကပါးရိကပါး” လုပ်ထားတယ်လို့ ပြောလာပါတယ်။

ဒါနဲ့ သူပြောတဲ့ဆောင်းပါး ဖတ်ကြည့်ဖြစ်တယ်ဆိုပါတော့။

ခေါင်းစဉ် ကြည့်လိုက်ကတည်းက“မျက်ခမ်းမြင်ရုံနဲ့ ငတာကြီးသားမှန်း သိတယ်” ဆိုသလိုပဲ၊ ဘယ်အချိုး ချိုးတော့မယ်ဆိုတာ သိပြီးသားပါလို့ ပြောရင် အပြောလွန်ရာကျမလား မသိပါဘူးဗျာ။

သတင်းစာဆောင်းပါး ဆိုတာ သတင်းဆောင်းပါးပဲမဟုတ်လား။ “အားလုံးကောင်းပါသည်ခင်ဗျား” ပဲပေါ့။ ဒီထက် ဘာရေးနိုင်မှာလဲ။

ငါးမင်းဆွေက စကတည်းက ယဉ်သကိုလို့ ဆိုရမှာပဲဗျ။

ကျနော့်ဆောင်းပါးက ငါးမင်းဆွေပြောသလို “မဇ္ဈိမဂျာနယ်” မှာ ဖေါ်ပြခဲ့တာ လုံးဝမဟုတ်ပါဘူး။ မှားပါတယ်။

“ရိုးမ ၃ ဝဘ်ဆိုက်” မှာ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

“လယ်သမားတွေ ဆင်းရဲနေတယ်”လို့ ရေးလိုက်တာလည်း မဟုတ်ပါဘူး။

လယ်သမားတွေ လက်ရှိကြုံတွေ့နေရတဲ့ ဘဝကို နေ့စဉ်ထုတ် ဂျာနယ်မဂ္ဂဇင်းတွေထဲမှာ ဖေါ်ပြထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ရေးလိုက်တာပါ။(ဂျာနယ်မဂ္ဂဇင်းတွေကလည်း အကုန်လုံး ဖေါ်ပြနိုင်တာမဟုတ်ပါဘူး။ စိစစ်ရေးက ခွင့်ပြုသလောက်ပေါ့)

ငါးမင်းဆွေပြောချင်တဲ့ ချမ်းသာတာ ဘယ်လိုလယ်သမားမျိုးတွေလဲ။

မြန်မာပြည်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ လယ်သမားတွေထဲမှာ ဘယ်နှရာခိုင်နှုန်းက ငါးမင်းဆွေပြောသလို ထော်လာဂျီ၊ တီဗွီ၊ ဆိုင်ကယ်၊ ပျဉ်ထောင်ကာသွပ်မိုးနဲ့ နေထိုင်နိုင်ပါသလဲ။ တမြို့နယ်မှာ အဲဒီလို နေထိုင်နိုင်တဲ့ လယ်သမားဦးရေ ဘယ်နှယောက်များ ရှိပါသလဲ။ ခင်ဗျားရေတွက်ပြစမ်းပါဗျာ။

လယ်ကွင်းကို ဆိုင်ကယ်စီးရင်းကြည့်ပြီး ထင်ရာမြင်ရာ ပြောသလို ဖြစ်နေတယ်။

ဒါမှမဟုတ် ငါးမင်းဆွေ အိပ်မက်မက်နေတာလား။ စိတ်ကူးယဉ်တာလား။ လယ်သမားတွေ ချမ်းသာစေချင်တယ်ဆိုတာ ကောင်းပါတယ်။ ကျနော်လည်း လယ်သမားတွေ ချမ်းသာစေချင်တာ ခင်ဗျားထက် မလျော့ပါဘူး။

ရန်ကုန်က စက်မှုဇုံတွေမှာ အလုပ်သမားတွေ ဆန္ဒပြနေတာကို ငါးမင်းဆွေ ကြားမှာပါ။

အဲဒါလည်း အလုပ်သမားတွေ စားဝတ်နေရေး၊ ကုန်ဈေးနှုန်းတွေက အလုပ်သမားတွေရတဲ့ လစာလုပ်ခစရိတ်တွေနဲ့ အလှမ်းကွာလို့ ဆိုတာ ခင်ဗျားသဘောပေါက်မှာပါ။

သူတို့တောင်းဆိုချက်မှ ဘယ်လိုနိုင်ငံရေးတောင်းဆိုချက်မှမပါတာ ခင်ဗျားတွေ့မှာပါ။ သူတို့တောင်းဆိုနေတာ လစာလုပ်ခတိုးပေးရေးနဲ့ အလုပ်ခွင်သာယာရေး၊ အားလပ်ရက်သတ်မှတ်ပေးရေး၊ အိုတီကြေး တိတိကျကျ သတ်မှတ်ပေးရေး ဆိုတဲ့ သူတို့ဘဝ လက်တွေ့လိုအပ်ချက်တွေပဲ မဟုတ်လား။

အလုပ်သမားများဟာ အလုပ်သမားများအတွက် တောင်းဆိုနေတာပါ။

ဒါကြောင့် အချက်အလက်တွေ ပိုစုံလင်အောင် လယ်ကွင်းတွေဘက်ချည်းပဲ သမံကာရှံကာ မသွားပါနဲ့၊ စက်မှုဇုံတွေဘက်လည်း တစ်ခေါက်တစ်ကျင်းလောက် ခြေဦးလှည့်စမ်းပါဦး ငါးမင်းဆွေရ။

ခက်တော့တာပဲ။

အစိုးရထုတ်သတင်းစာချည်း လှိမ့်မဖတ်နဲ့။ နေ့စဉ်ထုတ် ဂျာနယ်တွေ ဖတ်ကြည့်ပါဦး။ သူတို့ခမျာလည်း ရတဲ့ “စပေ့” ကလေးကနေ စာပေကင်ပေတိုင်လက်က လွတ်လောက်မယ့် အသုံးအနှုန်းလေးတွေနဲ့ ဖေါ်ပြထားကြတယ်။

ဒီရေးသားဖေါ်ပြချက်ကို အရင်ဖတ်ကြည့်ပါ။

"လယ်သမားအကြွေးက ဒီလောက်ရောက်နေတော့ ဘာမှမဝယ်နိုင်ဘူး" ဟု လည်ပင်းရှေ့ကို ညာဘက်လက်ဇောင်းဖြင့် ထောက်၍ (လယ်သမား) ဦးသိန်းက ပြောသည်။(ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း အမှတ် ၁၇၅၊ ဖေဖေါ်ဝါရီ၊၂၀၁၀ စာမျက်နှာ ၄၀-၄၅)

လယ်သမားတွေ ဘယ်လောက် ဆင်းရဲနေသလဲဆိုတာကို ထင်ဟပ်နေတဲ့ အင်တာဗျူးတစ်ခုရှိတယ်။ “မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဌ ဦးချစ်ခိုင်နှင့် တွေ့ဆုံခြင်း” Weekly Eleven ဂျာနယ် [No.17, Vol.5, February 3, Wednesday] ရှာဖတ်ကြည့်ပါ။

အဲဒီထဲက အချက်အလက်တွေကို မမှန်ကန်ဘူးဆိုပြီး ငြင်းခုန်ချင်သပဆိုရင် ငါးမင်းဆွေအနေနဲ့ ဦးချစ်ခိုင်နဲ့သာ သွားတွေ့ပြီး ဆွေးနွေးလိုက်ပါ။ အဖြစ်မှန် သိလာပါလိမ့်မယ်။

ဦးချစ်ခိုင်က အဲဒီအင်တာဗျူးထဲမှာ သူ့ပိုင်းဖြတ်ချက်ကို အခုလို ပြောထားတယ်။ “ကျွန်တော့် အသက် (၆၂) နှစ် ရှိလာပြီ။ ဒီအသက်အရွယ်က ကိုယ်ပိုင်စီးပွားရေးထက် အများပြည်သူ အကျိုးစီးပွားအတွက် လုပ်ဖို့ အရွယ်ကို ရောက်နေပြီ” တဲ့။ ဒီတော့ သူက ခင်ဗျားကို လူကြီးလူကောင်းဆန်ဆန် ဆွေးနွေးမှာ သေချာပါတယ်။

သူ့ဆီကပြန်လာတဲ့ ခင်ဗျားသိမြင်လာမှုတွေကို ဆောင်းပါးရေးစမ်းပါဦးဗျာ။

အဲဒီအင်တာဗျူးထဲမှာ ဦးချစ်ခိုင်က လယ်သမားတွေ ဘာတွေလိုအပ်နေသလဲ ဆိုတဲ့ မေးခွန်းကို “တောင်သူတွေမှာ အဓိက လိုအပ်နေတာကတော့ သွင်းအားစုနဲ့ ငွေကြေးအရင်းအနှီးပါပဲ။ နောက် စိုက်ပျိုးမှုနည်းပညာ မြင့်မားဖို့လည်း လိုနေပါတယ်” လို့ ဖြေသွားတယ်။

သူပြောသွားတဲ့ အဓိကလိုအပ်ချက် (၃) မျိုးဆိုတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ခင်ဗျားသဘောပေါက်မှာပါ။

ခင်ဗျားတို့ ဖားနေတဲ့ “နိုင်ငံတော်” က လယ်သမားတွေကို ထုတ်ချေးရမယ့် စိုက်ပျိုးစရိတ်ချေးငွေ (အမတော်ကြေး) ထုတ်မချေးနိုင် လို့ ပုဂ္ဂလိက ဆန်စပါးနဲ့ပဲ အထူးပြုကုမ္မဏီ (၂၉) ခုက (၂) ရာခိုင်နှုန်းတိုးနဲ့ ချေးနေရသတဲ့။ ဒါတောင် တစ်နိုင်ငံလုံးမှာရှိတဲ့ တောင်သူတွေအားလုံးကို မပံ့ပိုးနိုင်သေးပါဘူးတဲ့။

သဘာဝဓါတ်ငွေ့တွေ၊ သယံဇာတတွေ တရုတ်နဲ့ထိုင်းကို ထုတ်ရောင်းလို့ရတယ်ငွေတွေ ဘယ်ရောက်သွားသလဲ။

ခင်ဗျားရဲ့ နိုင်ငံတော်အကြီးအကဲဆိုသူတွေထံ မေးမြန်းပြီး ပြည်သူတွေ သိအောင် သတင်းစာကနေ ရေးပါဦးဗျာ။ နိုင်ငံတော်ကရတဲ့ ငွေကို တိုင်းသူပြည်သားတွေအကျိုး သုံးရမှာပေါ့ဗျာ။ ဘယ်သူ့အကျိုးအတွက် သုံးနေသလဲ။ ဒါတွေကို ငါးမင်းဆွေ “တွေ့/မေးသည်” ဆိုပြီး ဖော်ထုတ်ရေးသားသင့်တယ်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က လယ်တစ်ဧက ၈,၀၀၀ ကျပ်နှုန်းဖြင့် ချေးပေးသော ငွေမှအပ မည်သည့်ချေးငွေမျှ မရရှိပါဘူး။

မိုးစပါးတစ်ဧက ၁၃၀,၀၀၀ ကျပ်ခန့်၊ နွေစပါးတစ်ဧက ၁၈၀,၀၀၀ ကျပ် စိုက်ထုတ်ရင်းနှီးရပါတယ်။ တောင်သူလယ်သမားတွေဟာ ပြီးခဲ့တဲ့ နှစ်တွေက ၁၀ ကျပ်တိုး၊ ၁၅ ကျပ်တိုးနဲ့ ချေးရပြီး ရွှေအပေါင်ရှိသူများပင်လျှင် ၅ ကျပ်တိုးဖြင့် ချေးယူရပါတယ်။ ငွေချေးယူရာမှာလည်း အဆက်အသွယ်ကောင်းပြီး ကျောထောက်နောက်ခံရှိမှသာ ချေးငွေရနိုင်ပါတယ်။

ချေးငွေမရတဲ့အတွက် ရိတ်သိမ်းချိန်ဈေးကွက်အတွင်း စပါးအလျှံအပယ် ရောက်ချိန်မှာ တောင်သူလယ်သမားတွေ အကြွေးဆပ်ဖို့ အပြေးအလွှား စပါးရောင်းချရတဲ့အတွက် အကျိုးဆက်အနေနဲ့ တလင်း ဈေးနိမ့်သွားရတဲ့ အဖြစ်တွေ ကြုံရတယ်လို့ ဆိုကြပါတယ်။

သုတေသနပြုချက်တစ်ခုလည်း အခုလို အကြံပြုထားတယ်။

“ကျေးရွာများတွင် အသေးစား အခြေခံ စီးပွားရေးအဆောက်အဦး စီမံကိန်းများ တည်ဆောက်ရန် ငွေထုတ်ပေးခြင်းဖြင့် ကျေးလက်နေ ဝင်ငွေနည်းသူများကို နေ့စားအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း၊ (လမ်း၊ တံတား၊ ဆည်မြောင်းငယ်များ) စသည့် ရည်ရွယ်ချက်မှာ လယ်ယာမဲ့နှင့် ကြွေးမြီတင် လယ်သမားများ အလုပ်မရှိသည့်ကာလတွင် ဝင်ငွေရရှိပြီး လိုအပ်သည့် ကျေးလက်အဆောက်အအုံများလည်း ပေါ်ပေါက်စေနိုင်ကြောင်း၊ လယ်သမားအများစုသည် တစ်နေ့လျှင် ၂,၀၀၀ ကျပ်ခန့် ရနိုင်မည့် အလုပ်မျိုးကို စိတ်ဝင်စားကြကြောင်း” ဖော်ပြထားသည်။

ကိုင်း … ဘယ့်နှယ်လုပ်မလဲ၊ ငါးမင်းဆွေ။

ထုတ်လုပ်ရေးနဲ့ ရောင်းချရေးပိုင်းနဲ့ ပတ်သက်ပြီး ပြောထားတာကို ဖတ်ကြည့်လိုက်ပါဦး။ ငါးမင်းဆွေ ဖျားသွားမယ်။ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

“ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံဟာ တစ်ဧကကို တင်း ၂၀၀ လောက် ထွက်တယ်။ ထိုင်းက တစ်နှစ်ကို တန်ချိန် ၁၀ သန်း ပို့နိုင်တယ်။ ဗီယက်နမ်က တစ်နှစ်ကို တန်ချိန်ခြောက်သန်း ပြည်ပပို့နိုင်တယ်။ ကျွန်တော်တို့ဆီမှာတော့ တစ်ဧက တင်း ၆၀ တောင် အနိုင်နိုင်ပဲ။ အခု ပြည်ပကို တန်ချိန် တစ်သန်းကျော်လေးပဲ ပို့တာတောင် ဈေးကွက်မှာ လှုပ်ခတ်မှု ရှိချင်နေသေးတယ်။ အဓိကသွင်းအားစုနဲ့ ငွေကြေး၊ နည်းပညာ ကွာနေတာ” တဲ့။ ဒီလောက်ဆိုရင် သဘောပေါက်မှာပါ။

ဒီဆောင်းပါးနိဂုံးကိုကလည်း ငါးမင်းဆွေလို လူတွေအတွက် ရည်ညွှန်းလိုက်သလား မဆိုနိုင်ဘူးပေါ့ဗျာ။

“မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဌ ဦးချစ်ခိုင်” စကားနဲ့ပဲ အနားသတ်လိုက်ပါရစေ။ “မီဒီယာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် တောင်သူတွေရဲ့ လက်ရှိဘဝနဲ့လိုအပ်ချက်ကို တကယ်သိချင်ရင် လယ်ကွင်းထဲက တောင်သူတွေအထိ ဆင်းကြည့်ကြပါလို့ အကြံပြုချင်ပါတယ်”

ပြောလက်စနဲ့ နောက်ဆုံးတစ်ခု ပြောလိုက်ဦးမယ်။

တောင်သူလယ်သမားတွေ အကျိုးစီးပွား၊ အလုပ်သမားတွေ အကျိုးစီးပွားအတွက် တစ်စုတစ်စည်းထဲ ခုခံကာကွယ် တိုက်ပွဲဝင်နိုင်ဖို့ လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ စစ်မှန်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လယ်သမားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းတည်ရှိခွင့် မရှိသေးတဲ့ အချက်ကလည်း ရှက်စရာကောင်းတဲ့ ကွက်လပ်မည်းကြီးတစ်ခု ဖြစ်တယ်ဆိုတာကို ငါးမင်းဆွေ သဘောပေါက်ပါ။

တူမောင်ညို
(၂၀၁၀ ပြည့် မတ်လ ၁၇)


ကိုးကား
၁။ Weekly Eleven ဂျာနယ် [No.17, Vol.5, February 3, Wednesday]
၂။ ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း (အမှတ် ၁၇၅/ ဖေဖေါ်ဝါရီ/၂၀၁၀ စာမျက်နှာ ၄၀-၄၅ )

No comments:

Post a Comment