ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 30, 2010

သူတို့ပြောတဲ့ (၂၀၀၈) အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန်

တူမောင်ညို 

“၂၀၁၀ ရွေးကောက်ပွဲဟာအဓိကပန်းတိုင်မဟုတ်ဘူး” ၊ ရွေးကောက်ပွဲနည်းနဲ့ စနစ်တစ်ခုကို တိုက်ဖျက်နေတာသာဖြစ်ပါတယ်” လို့ ပြည်တွင်းမှာ သူတို့ နဖူးတွေ့ ဒူးတွေ့ကြုံနေရတာတွေကိုပဲ အသိအမှတ်ပြီး ပြောတာလား/ ဝန်ခံချက်ပေးတာလား /ရင်ဖွင့်တာလားတော့ မပြောတတ်ပါ။ မှတ်ပုံတင်ပါတီတစ်ခုက နိုင်ငံရေးသမားတဖြစ်လည်း ကဗျာဆရာ/ စာရေးဆရာလေးတစ်ဦးရဲ့ “ထွေရာလေးပါး” ဆိုတာထဲမှာ ဖတ်လိုက်ရပါတယ်။

မေးခွန်းလေးတွေပဲ မေးချင်တာပါ။
အဓိက ပန်းတိုင်မဟုတ်ဘဲ ဘာကြောင့်များ ဦးတည်သွားနေရတာလဲ။
ရွေးကောက်ပွဲနည်းနဲ့ တိုက်ဖျက်နေတဲ့ “စနစ်” တစ်ခုဆိုတာ ဘယ်လိုစနစ်မျိုးလဲ။
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတာလို့ပြောချင်တာလား။ “ပြောချင်တာကိုပြောခွင့်မရရင်နေ၊ မပြောရဲတာတော့ လုံးဝမပြောဘူး” ဆိုတာမျိုးလား။ စိတ်ကူးမယဉ်ကြေး ပြောကြရအောင်။

ရွေးကောက်ပွဲကော်မရှင်မှာ “တည်ထောင်ခွင့်/ဆက်လက်တည်ထောင်ခွင့်” စတင်လျှောက်ထားကတည်းက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ ပုဒ်မ (၆) ကို ဝန်ခံချက် လက်မှတ်ရေးထိုးထားခဲ့ရတယ် မဟုတ်ပါလား။
အဲဒီလို ဝန်ခံချက်လက်မှတ်ထိုးရကတည်းက “စစ်ဦးစီးချုပ်က ရွေးချယ်စေလွှတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပြည်သူတွေကရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် နှစ်ရပ်ပူးပေါင်း အုပ်ချုပ်တဲ့ ဒီမိုကရေစီ အစိုးရစနစ်” ဆိုတဲ့ စနစ်တစ်ခုကို ခင်ဗျားတို့ လက်ခံထားရပြီ မဟုတ်ပါလား။
ကိုယ်မကြိုက်နှစ်သက်တဲ့ စနစ်တစ်ခုကို အရင်လက်ခံပြီးမှ ပြန်လည်တိုက်ဖျက်တယ်ဆိုတဲ့ လုပ်နည်းလုပ်ဟန်ကတော့ အများနဲ့မတူတဲ့ ပို့စ်မော်ဒန်လုပ်ဟန်တစ်ခုများလား။

၂၉ ဇူလိုင် မြန်မာ့အလင်းသတင်းစာထဲမှာ “၂၀၁၀ ရွေးကောက်ပွဲရဲ့သရုပ်မှန်နဲ့ ပြည်သူ့တာဝန်” ဆိုတဲ့ခေါင်းစဉ်နဲ့ “ကျော်မြင့်နိုင်” ဆိုသူက ဆောင်းပါးရေးထားတယ်။
ကျော်မြင့်နိုင် ဆိုသူရဲ့ သရုပ်မှန်က ဘာလဲ။
သူ့သရုပ်မှန်ကို သူ့အရေးအသားတွေထဲကပဲကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။
- “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ဟာ မြန်မာနိုင်ငံဒီမိုကရေစီ ဖော်ဆောင်ရေးရှေ့ခရီးမှာ ပထမ တာထွက် ခြေလှမ်းလည်း ဖြစ်ပါတယ်”
- “စစ်အစိုးရအသွင်ဖြင့် ဆက်လက်အုပ်ချုပ်နေရန် မသင့်တော်တဲ့အနေအထား”
- “ရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရတဲ့ပါတီကို လက်လွတ်စပယ်အာဏာလွှဲပေးလိုက်ခြင်း အားဖြင့် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးချိန်နဲ့ မရှေးမနှောင်း ရောင်စုံသောင်းကျန်းမှု ဖြစ်ပေါ်ခဲ့တဲ့ အနေအထားမျိုးသို့ ပြန်လည်ဆိုက်ရောက်မသွားနိုင်ဖို့ အာမခံချက်မရှိသေးတဲ့ တိုင်းပြည်အနေအထား”
- “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) မှာ တပ်မတော်မှ ရွေးချယ်စေလွှတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် လူထုက ရွေးချယ်တဲ့ လူထုကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းတို့ အမျိုးသားနိုင်ငံရေးမှာ ပူးတွဲရှေ့ဆောင်သွားနိုင်ရေး ဆောင်ရွက်တာဖြစ်တယ်”
- “နောက်ပြန်လန်မကျပဲ ငြိမ်းချမ်းစွာ ဒီမိုကရေစီဖြစ်ပေါ်လာရေးမှာ ၂၀၁၀ ရွေးကောက်ပွဲအောင်မြင်ရေးဟာ အဓိကဖြစ်တဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံးကမပျက်မကွက်မဲပေးကြရေးဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးလိုလားတဲ့ ပြည်သူတိုင်းရဲ့တာဝန်သာဖြစ်တယ်” ဆိုတာပါပဲ။
သူပြောတာကို ချုပ်လိုက်တော့
“စစ်အစိုးရအနေနဲ့ဆက်အုပ်ချုပ်လို့ မဖြစ်တော့ဘူး။ ဒါကြောင့် စိတ်ကြိုက်အခြေခံဥပဒေရေးထားတယ်။ ဒီအခြေခံဥပဒေ အသက်ဝင်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပရမယ်၊ ရွေးကောက်ပွဲမှာ ပြည်သူတွေက မပျက်မကွက် မဲပေးကြပါ။ ရွေးကောက်ပွဲပြီးလည်း အနိုင်ရပါတီကို အာဏာလွှဲမပေးနိုင်ဘူး” ဆိုတာပါပဲ။
သူ့ထက်သရုပ်မှန်တာတောင် သူ့လောက်သရုပ်မမှန်ဘူးလို့ပဲ ပြောရပါတော့မယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို လက်ခံ/၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးကြတဲ့။

နှစ်ပေါင်း ၂၂ ကျော်ကြာ (နဝတ-နအဖ)စစ်အစိုးရက အကြမ်းဖိနှိပ်အုပ်စိုးခဲ့တာတောင် တိုင်းပြည်အခြေအနေက “၁၉၄၈-၄၉ အနေအထား” သို့ ပြန်ရောက်သွားနိုင်တယ်၊ အာမခံချက်မရှိသေးဘူးလို့ ဝန်ခံထားတယ်။
တပ်မတော်အစိုးရအုပ်ချုပ်ရေးမှ စစ်ဦးစီးချုပ်က ရွေးချယ်စေလွှတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပြည်သူတွေကရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် နှစ်ရပ်ပူးပေါင်း အုပ်ချုပ်တဲ့ ဒီမိုကရေစီအစိုးရစနစ်အတွက် ရေးဆွဲထားတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့ မကြာမီကျင်းပပေးတော့မည့် ၂၀၁၀ ရွေးကောက်ပွဲတို့ဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးဖြစ်တယ်လို့ ဝေဖန်ဆန့်ကျင်နေကြတယ်ဆိုတာ အမှန်ပင်ဖြစ်ပါကြောင်း” ကျနော်တို့ကလည်း ရဲရင့်တည်ကြည်စွာ ဝန်ခံလိုက်ပါတယ်။

တူမောင်ညို
(၂၀၁၀ ဇူလိုင် ၂၉ ရက်)

No comments:

Post a Comment