ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 29, 2010

ဝေမှူးသွင်ရဲ့ အိပ်ချင်မူးတူး အတွေးများ

ကိုဇင်။ ၂၉ ဇူလိုင်၊ ၂၀၁၀

ဝေမှူးသွင်ရေ... “ထွေရာလေးပါးခံယူချက်များ” ဆိုတဲ့ ဆောင်းပါးကလေးကို ဖတ်လိုက်ရတယ်ဗျာ။ ဒီမှာပြောစရာရှိလာတာက သဘောတူတာတွေရော သဘောမတူတာတွေရော ဝေဖန်စရာတွေရောပေါ့။ ဒီစာကို ဒီလိုရေးချင်တယ်ဗျာ။ ခင်ဗျားကိုပဲ တိုက်ရိုက် ပြန်ပြောနေတဲ့ပုံစံမျိုးနဲ့ပေါ့ဗျာ။ အဲ ... ကျနော်တပ်လိုက်တဲ့ခေါင်းစဉ်နဲ့ ပတ်သက်လို့လည်း နည်းနည်းနားလည်ပေးဗျာ။ အထူးသဖြင့် အိပ်ချင်မူးတူး အတွေးများ လို့ ခပ်စွာစွာလေး တပ်လိုက်မိတာ။ နို့ ... ဒီခေါင်းစဉ်လေးက ခင်ဗျားရင်းနှီးပြီးသားလည်း ဖြစ်လိမ့်မယ်ထင်လို့ပါ။

            ခင်ဗျားဆောင်းပါးအကြောင်း ပြန်ဆက်ရအောင်ဗျာ။ ပထမအပိုဒ်နဲ့ ဒုတိယအပိုဒ်တွေကို ဘာမှ ဝေဖန်ချက် မပေးလိုပါဘူး။ ဒါက ခင်ဗျားရဲ့ ပုဂ္ဂလခံစားချက်ကိုး။ အဲ ... တတိယပိုဒ်စကတည်းက ကျနော်ပြောချင်တာတစ်ခု ရုတ်ကနဲ တွေ့တယ်။ ရုတ်ကနဲဆိုပေမယ့် ခဏခဏကို ပြန်ဖတ်ကြည့်သေးတယ်။ “လုပ်ချင်တာကို လုပ်ခွင့်မရရင်နေ၊ မလုပ်ချင်တာကိုတော့ လုံးဝမလုပ်ဘူး” ဆိုတာ။ ဒီဝါကျရဲ့ အဓိပ္ပါယ်ကို လုံးလုံးမကြိုက်ဘူးဗျာ။ ခပ်ရိုးရိုးကြည့်ရင် သတ္တိတွေ တော်တော်ပါပုံပဲ။ ခင်ဗျားက ကဗျာဆရာ၊ အောင်မြင်တဲ့ စာရေးဆရာလည်း ဖြစ်တယ်ဗျာ။ စကားလုံးတွေရဲ့အဓိပ္ပါယ်ကို ခင်ဗျားအများကြီးသိပါတယ်။ လုပ်ချင်တာကို လုပ်ခွင့်မရရင်နေ ဆိုတော့ ခင်ဗျားက ရောင့်ရဲတတ်တဲ့ စိတ်ရှိသလိုလိုနဲ့ ကြောက်နေတယ် သတ္တိလည်း မရှိဘူး။ နောက် ... မလုပ်ချင်တာကိုတော့ လုံးဝမလုပ်ဘူး ဆိုတော့ ခင်ဗျားက ခေါင်းမာပြီးသတ္တိရှိသလိုလိုနဲ့ ခေါင်းရှောင်ပြီး တာဝန်မယူတတ်တဲ့သူမျိုးလို့ အဓိပ္ပါယ်ကောက်ရမှာ ဖြစ်တယ်။ ကျနော်ပြောတာ ပစ်ပစ်နှစ်နှစ်ဆန်လွန်းတယ်။ ၀န်ခံတယ်ဗျာ ဘာဖြစ်လို့ဆိုတော့ ခင်ဗျားဆောင်းပါးတစ်ပုဒ်လုံးက တော်တော်ကြီးကို အိပ်ချင်မူးတူးဖြစ်နေလို့ ခပ်ပြင်းပြင်းလေးပစ်ထားရတာ။

            ဆက်ပြောမယ်ဗျာ ... အပိုဒ်လေးမှာ။ “၁၉၉၀ က စတွက်ရင် အခုဟာက အနှစ်နှစ်ဆယ်အတွင်း မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ကျွန်တော်တို့အနေနဲ့ (political atmosphere) နိုင်ငံရေးအ၀န်းအ၀ိုင်းလေး တစ်ခုကို စပြီးရလာပါတယ်။ နိုင်ငံရေးစကား ပြောခွင့်ရလာတယ်ပေါ့။” ဒါ ခင်ဗျားရဲ့အရေးအသားအတိုင်းပဲ။ ခင်ဗျားက ကိုယ့်ကိုယ်ကို ကျွန်တော် သုံးတယ်။ ကျနော်ကတော့ ကိုယ့်ကိုယ်ကို ကျနော် လို့ပဲ သုံးတယ်။ “ကျွန်” မဖြစ်ချင်လို့ဗျာ။ ထားတော့ ... ဒါ အလာပ သလာပပေါ့ဗျာ။
ကျနော် အဓိကပြောချင်တာက ခင်ဗျားပြောချင်တာပြောနိုင်ဖို့ သမိုင်းစာမျက်နှာကို လှန်ချင်တဲ့နေရာက ဆွဲလှန် လိုက်တာကို ပြောချင်တာ။ ခင်ဗျားဟာ မြန်မာဒီမိုကရေစီကွန်ဂရက် ဆိုတဲ့ပါတီရဲ့ အတွင်းရေးမှူးပါ။ ခင်ဗျားရဲ့တန်ဖိုးထားချက်က ဒါပဲလား။ ၁၉၉၀ က စတွက်ရင် ဆိုတော့ ... နအဖက ဦးဆောင်လုပ်ခဲ့တဲ့ ညီလာခံကြီးကို ပြီးအောင်တက်ခဲ့တဲ့လူတွေဟာ ခင်ဗျား တန်ဖိုးထားတဲ့ စံပြုပုဂ္ဂိုလ်တွေပေါ့။ ဒီလူတွေလုပ်ပေးလိုက်လို့ (political atmosphere) လေး ရလာတယ်ပေါ့။ ဟုတ်ကော ဟုတ်ရဲ့လားဗျာ။ အခု ခင်ဗျား (political fart) တောင် လွတ်လွတ်လပ်လပ်ရရဲ့လား။

            ခင်ဗျား ဆက်ပြောတယ်။ “ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံရေးပါတီတွေအားလုံး လူထုကို သူတို့သာ အစိုးရဖွဲ့ခွင့်ရခဲ့ရင် ဘာဥပဒေတွေ ပြဌာန်းမယ် ဘယ်ဥပဒေတွေကို ပြင်ဆင်မယ်၊ အခွန်လျှော့ပေးမယ်........... အဲဒါမျိုးတွေအများကြီး လျှောက်ပြောကြတာပဲ။ ကျနော်တို့အနေနဲ့ အဲဒါမျိုးတွေ မပြောချင်ဘူး။ .............. ဒီတော့ ကျွန်တော်တို့ ရိုးသားစွာပြော နိုင်တာက မှန်အောင်နေမယ်။ အလုပ်ကို သေသေချာချာလုပ်ပြမယ်။ ပြည်သူတွေ အားကိုးယုံကြည်ခြင်းခံရတဲ့ အစိုးရမျိုးဖြစ်အောင် ကျွန်တော်တို့က တည်ဆောက်ပြချင်ပါတယ်။” ဒီလိုလာတယ်။ မှန်အောင်နေမယ်ပြောတယ်။ ခင်ဗျားပြောသလိုမဖြစ်လာရင်။ အလုပ် သေသေချာချာလုပ်ပြမယ်ပြောတယ်။ ခင်ဗျားပြောသလို မဖြစ်လာရင်။ ကျနော်ထင်တယ်ဗျာ ... ခင်ဗျားကို လှောင်ပြောင်ရုံတင်မကဘူး၊ နိုင်ငံရေးသိက္ခာချရုံတင်မကဘူး၊ ဘာမဆိုင်ညာမဆိုင် ခင်ဗျားရဲ့ ကဗျာစာအုပ်တွေနဲ့ ၀တ္ထုစာအုပ်တွေကိုတောင် မီးရှို့ပစ်ကြလိမ့်မယ်။ ခင်ဗျား မှန်အောင်နေမယ်လို့ ပြောခဲ့တာ မှတ်ထားဗျာ။ ခင်ဗျားဆောင်းပါးရဲ့ ဟိုးအောက်နားရောက်ရင် ကျနော်တစ်ခါ ထပ်ပြောမယ်။

            အပိုဒ်ငါး။ “အခုလောလောဆယ် စလုပ်ရမှာက လူထုကို နိုင်ငံရေးဒီရေမြင့်တက်လာအောင် လုပ်ပေးရမယ်။ လူထုမှာ capacity ရှိမှ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို ဆက်လုပ်နိုင်မှာဖြစ်တယ်။” နအဖရဲ့ ရွေးကောက်ပွဲကို ၀င်ပြိုင်မယ့်သူတွေထဲမှာ လူထုကို နိုင်ငံရေးဒီရေ မြင့်တက်အောင် အခုလောလောဆယ် စလုပ်ရမယ်လို့ပြောတာ ကျနော့်အထင်တော့ ခင်ဗျားတစ်ယောက်ပဲ ပြောသေးတယ်။ ကျန်တဲ့သူတွေကတော့ ပါးနပ်တယ်။ မပြောဘူး။ ကျနော်ပြောမယ် လူထုက ၁၉၈၈ ကတည်းက၊ ၁၉၉၆ ကတည်းက၊ ၂၀၀၇ ကတည်း နိုင်ငံရေးဒီရေမြင့်ပြီးသား။ ခင်ဗျားလိုချင်တာ ဒီလို ဒီရေအမျိုးအစားတော့ ဟုတ်ဟန်မတူဘူး။ capacity ဟုတ်တယ်။ လုံးဝ မရှိသလောက်ပဲ။ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံမယ့် capacity လုံးလုံးမရှိရေးချမရှိ။ ဒီလောက်နဲ့တော့ စိတ်ဓါတ်မကျသွားနဲ့ဗျာ။ ကျနော်ဆက်ပြောချင်သေးတယ်။ “ကျွန်တော်တို့က လူထုကို ဒီမိုကရေစီစနစ်နဲ့ ယဉ်ပါးလာအောင် train လုပ်ပေးရမယ်။”  ကျနော်ပြောမယ်ဗျာ ... လူထုကို ဘယ်စနစ်နဲ့မျှယဉ်ပါးသွားအောင် train လုပ်ပေးစရာ မလိုပါဘူး။ ခင်ဗျား train လုပ်ချင်သပဆိုရင် လွတ်လပ်မှု၊ အခွင့်အရေးနဲ့ တရားမျှတမှုဆိုတာ ဘာတွေဖြစ်ပါတယ်လို့ ကျယ်ကျယ်လောင်လောင်လေး အော်ပေးဖို့ပဲလိုပါတယ်။ ကြည့် ... ခင်ဗျားက ကျောင်းဆရာလည်း လုပ်ချင်သေးသကိုး။ “ဥပမာ - အခြေခံအဆင့် မူလတန်းကျောင်း တွေကစပြီး အတန်းခေါင်းဆောင်ခန့်အပ်တဲ့အခါ ................. အတန်းသူအတန်းသားတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်စေတာမျိုး ................ လူထုကို voter education တွေအများကြီးလုပ်ပေးဖို့ လိုပါတယ်။ ပြီးမှ ပါတီရဲ့ နိုင်ငံရေးဦးဆောင်မှုကို စတင်မယ်။” ကဲ ... မပြောလား။ တွဲဖက် အ.လ.က တို့ ဘာတို့မှာ ကျောင်းဆရာဝင်လုပ်။ အဲဒီမှာ မဲပေးနည်းတွေ ဘာတွေသင်။ ပြီးမှ နိုင်ငံရေးပါတီ ထောင်ကြပေါ့။

            “ဒါပေမယ့် လာမယ့် ၂၀၁၀ election ဟာ ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်တော့ မဟုတ်ပါဘူး။” ဒါ အပိုဒ် ၆။ အင်း ... ခင်ဗျား ဒီလိုအမြင်ရှိတာ သဘောကျတယ်။ ဟုတ်တယ် ... တရားမျှတမှုမရှိတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဟာ ခင်ဗျားတို့အတွက် အဓိကပန်းတိုင်မဖြစ်သင့်သလို မြန်မာပြည်သူလူထုတရပ်လုံးရဲ့ လမ်းဆုံးလည်း မဟုတ်ဘူး။ တိုက်ပွဲတွေက ဆက်နေဦးမှာ မို့ပဲ။ “၂၀၁၀ election ပြီးသွားရင်လည်း တိုင်းပြည်မှာ လုပ်စရာတွေက အများကြီးရှိသေးတယ်။” ဒါလည်း ဟုတ်တယ်။ အဲဒီထက် ဟုတ်တာက ၁၉၉၀ ကတည်းက၊ ၁၉၈၈ ကတည်းက အဲဒီထက်ပြောရရင် ၁၉၆၂ ကတည်းက အဲဒီရဲ့ရှေ့မှာ ၁၉၄၈ ကတည်းကကို တိုင်းပြည်မှာ လုပ်စရာတွေရှိခဲ့တာလေ။ သမိုင်းမကွက်စေချင်လို့ သမိုင်းမကျားစေချင်လို့ ခင်ဗျားကို သတိပေးတာပါဗျာ။ “တိုင်းပြည် မှာ ပြန်လည်တည်ဆောက်ရေးအတွက် အင်အားတွေ အများကြီးလိုအပ်နေဦးမှာပဲ။ ကျွန်တော်တို့က အဆင်သင့်ဖြစ်နေဖို့ လိုတယ်။ ကျွန်တော်တို့ ပါတီဟာ အဲဒီလောက်ထိ တိုင်းပြည်အတွက် ရည်မှန်းချက်ထားပြီး အလုပ်လုပ်နိုင်ဖို့ ဖွဲ့စည်းထားတာပါ။” ပါတီစည်း ရုံးရေးအတွက် မဲဆွယ်ရေးအတွက် ဒီထက်ကောင်းတဲ့ စကားလုံးတွေ ရှာသင့်တယ်ဗျာ။ ခင်ဗျားတို့ပါတီဟာ နအဖက တဖက်သတ် ရေးဆွဲထားတဲ့ အဓမ္မဖွဲ့စည်းအုပ်ချုပ်ပုံကော တရားမမျှတတဲ့ ရွေးကောက်ပွဲကနေ ၀င်ပြိုင်မှာပါ။ ခင်ဗျားတို့က ဘာကိုပြန်လည်တည်ဆောက်ဖို့အတွက် အင်အားတွေလိုတာလဲ။ နအဖအုပ်ချုပ်မှုပုံစံသစ်ကို ပြန်တည်ဆောက်ဖို့ အင်အားတွေလိုနေတာလား။ နအဖ လက်သစ်တွေကကော တိုင်းပြည်ကို ဘယ့်နှယ်ဘယ်လိုပြန်လည်တည်ဆောက်မှာလဲ။ အမှတ်ရစရာ စကားတစ်လုံးတော့ ပြောချင်တယ် “နာဂစ်”။

            အပိုဒ် ၇။ ခင်ဗျားဆောင်းပါးရဲ့ ဒီရေအမြင့်ဆုံးအပိုင်းပဲ။ “တချို့လူတွေဆီက ရွေးကောက်ပွဲကို boycott လုပ်မယ်ဆိုတာ တွေကိုလည်း ကျွန်တော်တို့ကြားနေရတယ်။ .......................... ကိုယ့်နည်းကိုယ့်ဗျူဟာနဲ့ကိုယ် ဆိုပေမယ့်လည်း လူထုက လိုက်ပါလာနိုင်တဲ့ နည်းလမ်းမျိုးဖြစ်ဖို့လိုအပ်ပါတယ်။ ...................... ကျွန်တော့အမြင်အရတော့ election ကို boycott လုပ်တဲ့နည်းဟာ ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုမဟုတ်ဘူး။” ကျနော်ပြောမယ် ... ရွေးကောက်ပွဲကို လူထုက မဲသွားမပေးတာဟာ လူထုအလိုက်ပါနိုင်ဆုံး နည်းလမ်းပဲဗျာ။ ကြိုတင်မဲ ကိုယ်စားပြုမဲ အတင်းလာတောင်းရင် မဲရုံမှာ သွားပေးမယ်ပြောလိုက်။ ပြီးမှ သွားမပေးနဲ့။ ဒါ ဘယ်လောက်ကောင်းထားလဲ။ သူတို့နည်း သူတို့ဟန်နဲ့ လုပ်တာလေ။ ခင်ဗျားက ရွေးကောက်ပွဲကို ယုံကြည်တဲ့သူပဲ ခင်ဗျားကလည်း ခင်ဗျားဘာသာပြိုင်ပေါ့ဗျာ။ Revolution ကို ယုံတဲ့သူတွေက ရွေးကောက်ပွဲကို မဲသွားမပေးဘဲ Boycott လုပ်လိမ့်မယ်။ ခင်ဗျားတောင် Reform ကို ယုံကြည်လို့ ရွေးကောက်ပွဲဝင်ပြိုင်မှာကိုး။ ဒါပေမယ့် တစ်ခုတော့ ပြန်ကြည့်ဗျာ ခင်ဗျားရဲ့ Reform ဟာ အတုလား အစစ်လားဆိုတာ။ “ကောင်းပြီ ... ဒါဖြင့် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲဝင်တဲ့နည်းရယ်၊ ရွေးကောက်ပွဲ boycott လုပ်တဲ့နည်းရယ် ... နှစ်ခုစလုံးကို ဖယ်ထုတ်စဉ်းစားကြည့်လိုက်ရင်” ဒီမယ်ဗျာ ... ခင်ဗျား တစ်ကောင် ကျွေးပြီး နှစ်ကောင်ရိုက်ချင်လို့တော့ မရဘူးဗျ။ ခင်ဗျားယုံကြည်တာကိုပဲ ရိုးရိုးသားသားလုပ်ပါ။ ဒီလိုပြောတာ မှတ်ထားပါ။ ခင်ဗျား ဆောင်းပါးရဲ့ ဟိုးအောက်နားရောက်ရင် ကျနော်တစ်ခါထပ်ပြောမယ်။ “လက်နက်ကိုင်တော်လှန်ရေးပဲ ကျန်တော့တယ်။ .............. သခင်စိုးတို့ သခင်သန်းထွန်းတို့တောင် မအောင်မြင်ခဲ့ဘူး။” ခင်ဗျားတော့ သမိုင်းကွက်ကျားမိုးရွာနေပြီ။ မအောင်မြင်တဲ့သူတွေပဲ ရွေးထောက်တာတော့ နည်းနည်းကသီလွန်းတယ်။ ဒီလိုလည်းကြည့်ဦးဗျ။ ကချင်လက်နက်ကိုင်တော်လှန်ရေး၊ ရှမ်းပြည်တပ်မတော် လက်နက်ကိုင်တော်လှန်ရေး၊ ကရင်လက်နက်ကိုင်တော်လှန်ရေး၊ မွန်လက်နက်ကိုင်တော်လှန်ရေး၊ ရခိုင်လက်နက်ကိုင်တော်လှန်ရေး၊ ချင်းလက်နက်ကိုင်တော်လှန်ရေး စသည်ပေါ့ဗျာ။ ခင်ဗျားပြောသလို မအောင်မြင်တာ အောင်မြင်တာအပထား မရှုံးနိမ့်သေးတာတော့ သေချာတယ်။ နိုင်ငံရေးသမားဆိုတာ အမြင်ကျယ်ရသလို သမိုင်းရေးအမြင်လည်း စေ့စပ်ရမယ်ဗျ။

            ခင်ဗျားကို စကတည်းက သတ္တိမရှိဘူး၊ ကြောက်တယ်၊ ခေါင်းရှောင်တယ်လို့ ကျနော် ပစ်ပစ်နှစ်နှစ် စွပ်စွဲခဲ့တာနော်။ ကဲကြည့် ... “ကျွန်တော်တို့ကတော့ election နည်းဟာ သိပ်မမှားနိုင်ဘူးလို့ ထင်တယ်။ တကယ်လို့ မှားခဲ့ရင်တောင် အမှားသေး သေးလေးပဲ ဖြစ်ပါလိမ့်မယ်။” ကိုင်း ... မပြောလား။ ခင်ဗျားဟာ ကိုယ့်ယုံကြည်ချက်ကို ကိုယ့်ဘာသာပြတ်ပြတ်သားသား ရင်မဆိုင်ရဲဘူး။ နောက်တစ်ခု ... “ခင်ဗျားဆောင်းပါးရဲ့ ဟိုးအောက်နားရောက်ရင် ကျနော်တစ်ခါထပ်ပြောမယ်” လို့ သတိပေးခဲ့တယ်နော်။ ခင်ဗျားပြောတယ် မှန်အောင်နေမယ် တဲ့။ မှန်အောင်နေမယ့် သူက မှားမယ်ထင်တဲ့ ရွေးကောက်ပွဲ (Election) ကို ၀င်ပြိုင်တော့မယ် ပေါ့။ သြော် ... အမှားက သေးသေးလေးတဲ့လား။ ဒါဆိုရင်တော့ ခင်ဗျားသဘောပဲ။ “လုပ်ချင်တာကို လုပ်ခွင့်မရရင်နေ၊ မလုပ်ချင်တာကိုတော့ လုံးဝမလုပ်ဘူး” ဆိုတဲ့ ခင်ဗျားရဲ့သဘောထားနဲ့ ခင်ဗျားရဲ့ လုပ်ရပ်ကလည်း လွဲနေပြီ။ ခင်ဗျားမလုပ်ချင်တာကို လုပ်နေ ရတာများလား။ ဒါမှမဟုတ် အမှားကို ခင်ဗျားလုပ်ချင်နေတာလား။ 

            “ရွေးကောက်ပွဲနည်းနဲ့ စနစ်တစ်ခုကို တိုက်ဖျက်တာသာ ဖြစ်ပါတယ်။” ဒါ ခင်ဗျားရဲ့ ဒီရေအမြင့်ဆုံး အလွဲ။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို စစ်အုပ်စုက စိတ်တိုင်းကျခြယ်မှုန်း။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေနဲ့ ပါတီတည်ထောင်ခွင့် ဥပဒေတွေဟာလည်း ဘ၀ရှင်ရဲ့ အလိုတော်အတိုင်း။ ရွေးကောက်ပွဲကော်မရှင်က မင်းကြီးတာက ထွက်။ ခင်ဗျားတို့ရဲ့ ပြိုင်ဖက်ဆိုတာကြီးက လက်ရှိဝန်ရှင် တော်မင်းတရာကြီး။ ကဲ ... ဒီဇာတ်ကို ခင်ဗျား ဘယ်နှစ်ည၀င်ကက ခင်ဗျားသာ လက်ပန်းကျသွားစေရမယ်။ စနစ်တစ်ခုကို တိုက်ဖျက်တာထက် စစ်ဖိနပ်ကို တိုက်ချွတ်ပေးနေရတာမျိုး ခင်ဗျားကို ကျနော်မမြင်ချင်ဘူး။
            “နိုင်ငံရေးအယူအဆ မတူတာဟာ ပြဿနာတစ်ခုမှ မဟုတ်တာ။ အရေးမကြီး။ ................ မတူညီတဲ့ အမြင်တွေ၊ ခြားနားတဲ့အယူအဆတွေ ............................ စုပေါင်းတည်ရှိနေတာကိုက ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ။” ခင်ဗျားရဲ့ ဒီအပြောတွေကြောင့် ဒီစာကို ကျနော်ရေးရတာ။ “ခင်ဗျားယုံကြည်တာကိုပဲ ရိုးရိုးသားသားလုပ်ပါ။ ဒီလိုပြောတာမှတ်ထားပါ ခင်ဗျား ဆောင်းပါးရဲ့ ဟိုးအောက်နားရောက်ရင် ကျနော်တစ်ခါထပ်ပြောမယ်။” လို့ ကျနော်ထပ်ပြီး သတိပေးခဲ့တယ်။ ခင်ဗျားက ခင်ဗျားနဲ့ မတူညီတဲ့အမြင်ရှိသူတွေ ခြားနားတဲ့အယူအဆရှိသူတွေကိုတော့ ဝေဖန်ခဲ့တယ်။ ဟိုဟာ ဒီဟာ ဖယ်ထုတ်စဉ်းစားကြည့်ပါလားလို့ တောင် ကြားကျကျပြောခဲ့သေးတယ်။ လက်နက်ကိုင်တော်လှန်ရေး ဘာညာ။ စစ်ရေး၊ စီးပွားရေးအကူအညီတွေယူ ဘာညာ ဆရာလုပ် စဉ်းစားခိုင်းခဲ့တယ်။ မှန်အောင်နေမယ်ပြောပြီး မှားမယ်ထင်တာကို လုပ်နေပြန်တယ်။ လူထုကို ဟိုဟာ သင်ပေးရမယ် ဒီဟာ ယဉ်ပါးအောင်လုပ်ရမယ်လို့ ပြောခဲ့တယ်။ အခုကျတော့ ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်ပါးလည် ပြောနေပြန်တယ်။ ဒီနေ ရာလည်းရောက်ရော ခင်ဗျားဘာကို အမှန်တကယ် ယုံကြည်လက်ခံထားတယ်ဆိုတာ ကျနော်နားမလည်တော့ဘူးလို့ ခံစားလိုက်ရတယ်။ ဒါကြောင့်ပဲ ခင်ဗျားရဲ့ “ထွေရာလေးပါးခံယူချက်များ” ဆိုတာကြီးက ခင်ဗျားရဲ့ “အိပ်ချင်မူးတူးအတွေးတွေ” ပါလားလို့ သဘောပေါက်လိုက်ရတော့တယ်။

            ဝေမှူးသွင် ... အိပ်ယာမှ ထလော့ ... မျက်နှာသစ်လော့ ... သင်ယုံကြည်ရာတွင် လွတ်မြောက်နိုင်ပါစေ။

မေတ္တာများစွာဖြင့်
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်။

No comments:

Post a Comment