ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 2, 2010

အင်းစိန်ထောင်တွင်း အဖွဲ့ချုပ်လူငယ်တဦး အာရုံကြောချို့ယွင်းသည့် ဝေဒနာခံစားနေရ

ရိုးမ ၃။ သြဂုတ် ၂၊ ၂၀၁၀

စစ်ကြောရေးတွင် နှိပ်စက်သည့်ဒဏ်များကြောင့် သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုဌေးအောင်မှာ အာရုံကြောချို့ယွင်းသည့် ဝေဒနာကို ခံစားနေရသည်။

ပဲခူးကလပ် စစ်ကြောရေးတွင် ရိုက်နှက်ထားမှုကြောင့် ဘယ်ဘက်နား ပြည်ယို၍ အကြားအာရုံကြော ထိခိုက်သွားပြီး လုံလောက်သော ဆေးဝါးကုသမှုကို မရရှိခြင်းကြောင့်ဖြစ်ကြောင်း ယနေ့ ထောင်ဝင်စာသွားတွေ့ခဲ့သည့် အမဖြစ်သူ မပူစူးက ပြောသည်။

“ရောဂါဖြစ်တာကို ပထမတုန်းက နားနှာခေါင်းဆေးရုံက ဆရာဝန် ဒေါက်တာ ဖုန်းမြင့်ထူးက စမ်းသပ်နေတာ ဘာမှအကြောင်းမထူးဘူး၊ ပြီးခဲ့လ ၂၁ ရက်နေ့က ဆရာဝန်အသစ်လာတယ်၊ သူက သေချာစမ်းသပ်ပြီး ခွဲစိတ်မှုတွေ လုပ်ရမယ်ပြောတယ်” ဟု မပူစူးက ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ကိုဌေးအောင်ကို ဖမ်းဆီးထားသည်မှာ တနှစ်ကျော်ခန့်ရှိပြီး အမိန့်ချမှတ်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ကိုဌေးအောင်ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ “သူအဖမ်းခံရတာက ၂၀၀၉၊ (၇) လပိုင်း (၂) ရက်နေ့က ကုန်ဈေးတန်းမှာ ခေါင်းလျှော်ရည် သွားဝယ်တုန်း ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ၊ တလကျော်လောက် ဘယ်ရောက်နေမှန်း မသိခဲ့ရဘူး၊ သာကေတ ရဲစခန်းကိုမေးတော့လည်း မရခဲ့ဘူး၊ နောက်မေးရင်း ပန်းဘဲတန်းစခန်းကို သွားမေးမိတော့ စစ်ကြောရေးမှာရှိတယ် ပြောတယ်၊ ဖမ်းကာစတုန်းက ပဲခူးကလပ် စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးတာတွေ လုပ်တယ်” ဟု ဆက်ပြောသည်။

စစ်အာဏာပိုင်များက ကိုဌေးအောင်အား ပုဒ်မ ၅၀၅(ခ)၊ ၁၇/၁၊ ၁၇/၂ တို့ဖြင့် တရားစွဲဆိုထားလျှက်ရှိပြီး ယခုထိ အင်းစိန်းအကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင်ထားသည်။

No comments:

Post a Comment