ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 6, 2010

လုပ်ခရရှိရေးဆောင်ရွက်ပေးနေသူ ရှေ့နေကိုဖိုးဖြူကို ကန်ထရိုက် တပည့်က ထိုးကြိတ်

ရိုးမ ၃။ သြဂုတ် ၆၊ ၂၀၁၀

ဆောက်လုပ်ရေးကန်ထရိုက်၏ တပည့်ဖြစ်သူက အလုပ်သမားလခရရှိရေးအတွက် ဆောင်ရွက်ပေးသူ ရှေ့နေ ဦးဖိုးဖြူအား ထိုးကြိတ်ခဲ့ပြီး အလုပ်သမားများအား ဖိနှိပ်မှုများ ပြုလုပ်နေလျှက်ရှိသည်။

ယခုလ (၄) ရက်နေ့က အလုပ်သမားများအား လုပ်ခမရှင်းပေးဘဲ ရှောင်နေသည့် ကန်ထရိုက် ဦးထွန်းဝေကို သွားရောက်မေးမြန်းပြီးအပြန်တွင် ထိုးကြိတ်ခံရခြင်းဖြစ်သည်။

“ကျနော်ကလည်း အလုပ်သမား ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လုပ်ခလစာတွေကို တောင်းပေးဖို့အတွက် အလုပ်သမားဖြေရှင်းရေး၊ ကြီးကြပ်ရေးကော်မရှင်၊ ကော်မတီတွေမှာ တင်သွင်းနိုင်ဖို့အတွက် သူတို့ကို သမန်စာချဖို့ ကြိုးစားရတယ်၊ အဲဒီအခါမှာ လိပ်စာအမှန်ကို အလုပ်ရှင်က ပေးမထားရဘူး။ ဒါကြောင့်မို့ လိပ်စာကိုရှာရင်းနဲ့ သူနေတဲ့နေရာကို တွေ့သွားလို့ သွားမေးတော့ သူကမသိဘူး ပြောတဲ့အတွက် ကျနော်ပြန်လာတော့ လမ်းထိပ်ကိုလည်းရောက်ရော သူတို့အိမ်က အလုပ်သမားက လိုက်ထိုးတာ ရှစ်ချက်၊ ကိုးချက် လောက်ခံလိုက်ရတယ် ဘယ်ဘက်နုတ်ခမ်းနဲ့ မျက်လုံးဖူးယောင်သွားတယ်” ဟု ဦးဖိုးဖြူက ပြောသည်။

ကန်ထရိုက် ဦးထွန်းဝေက အလုပ်သမားများအား လုပ်အားခရှင်းပေးရန် ကျန်ရှိနေသည့်ငွေကို ယနေ့အထိ ထုတ်ပေးခြင်းမရှိဘဲ မကြာခဏရက်ချိန်းပြောင်းသည့်အပြင် ဧဒင်ကုမ္ပဏီကျောထောက် နောက်ခံဖြင့် အလုပ်သမားများအပေါ် ဖိနှိပ်မှုမျိုးစုံပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ဦးထွန်းဝေ နောက်ကွယ်မှာ ရှိနေတာက ဧဒင်ကုမ္ပဏီ၊ အဲဒီကုမ္ပဏီဆိုတာက ဗိုလ်ချုပ်တွေရဲ့ အဆောက်အဦတွေကို ဆေးသုတ်ပေးရတဲ့ Construction ကုမ္ပဏီပါ၊ ကန်ထရိုက်တာက အလုပ်သမားတွေကို အဓမ္မခိုင်းတာတွေ၊ ဒဏ်မခံနိုင်ဘဲ ထွက်သွားတဲ့ သူတွေကို ပိုက်ဆံမပေးဘဲနေတာတွေ၊ တလပြည့်အောင် မလုပ်ပေးရင် ငွေမရှင်းပေးတာတွေ လုပ်တယ်၊ မှတ်ပုံတင်သိမ်းထားတာတွေလည်း လုပ်တယ်” ဟု ကိုဖိုးဖြူက ဆက်ပြောသည်။

အဆိုပါ ကန်ထရိုက်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမား (၂၀) ဦးခန့်မှာ နေရာရွေ့ပြောင်းလုပ်ကိုင်နေသူများ ဖြစ်သည်။ အဆိုပါ အလုပ်သမားများ လုပ်အားခရရှိရေးအတွက် ၀ါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီသို့ မနေ့က သြဂုတ်လ (၅)ရက်နေ့တွင် တိုင်ကြားခဲ့ပြီး အိုင်အယ်အိုရုံးသို့လည်း အသိပေးအကြောင်းကြားခဲ့သည်ဟု ကိုဖိုးဖြူက ပြောသည်။

“လုပ်အားခပေးဖို့ ၆ လပိုင်း ၂၅ ရက်နေ့မှာ တစ်ကြိမ်၊ ၇ လပိုင်း ၁၈ ရက်နေ့မှာ တစ်ကြိမ်၊ အခု ၁၁ ရက်နေ့ မှာ တစ်ကြိမ် ထပ်ချိန်းတယ်။ ချိန်းတဲ့အခါတိုင်း မပေးခဲ့ဘူး၊ ဒီလိုမျိုးနဲ့ မှတ်ပုံတင်တွေသာ သိမ်းထားတယ်။ ဒါဟာ အာဏာပိုင် ကျောထောက်နောက်ခံနဲ့ ဒီလိုမျိုး လုပ်သားတွေအပေါ်မှာ နှိပ်စက်နေတာ” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများမှာ တဦးကို ကျပ်ငွေ (၆၀၀၀၀)ကျော် လုပ်အားရဖို့ ကျန်နေသေးခြင်း ဖြစ်သည်။ ထိုအလုပ်သမားများသည် ဒေါပုံမြို့နယ်၊ ကျည်စုရပ်ကွက် အလင်းရောင် (၃)လမ်း အိမ်အမှတ် (၅၂၈) တွင် နေထိုင်သည့် ကန်ထရိုက်တာ ဦးထွန်းဝေ လက်အောက်တွင် အလုပ်လုပ်ကိုင်သူများဖြစ်ကြပြီး ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်သိန်းဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဗိုလ်ချုပ်လှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းတို့ နေအိမ်များတွင် အခုနှစ် ဧပြီလက ဆေးသုတ်ပေးခဲ့ရသူများလည်း ဖြစ်သည်။

No comments:

Post a Comment