ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 15, 2010

စီဒီအမ်အေဖုန်း လျှောက်ထားသူများ ရန်ပုံငွေပေးနေရ

ဖြိုးကြီး။ သြဂုတ် ၁၅၊ ၂၀၁၀

ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်း၊ ဇလွန်၊ ဓနုဖြူမြို့များတွင် စီဒီအမ်အေဖုန်းများချပေးရာတွင် တယက ရန်ပုံငွေပါ ထပ်ပေးနေရကြောင်း ဒေသခံတဦးက ပြောသည်။

တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်းစီ (တယက) ရုံး ရန်ပုံငွေအတွက် ငွေကျပ် (၅) သောင်းပေးနေရသလို တချို့မြို့နယ်များတွင် မယကကိုလည်း ကျပ်ငွေတစ်သောင်း ခွဲပေးဆောင်နေရခြင်း ဖြစ်သည်။

“စီဒီအမ်အေက တယကကို ရံပုံငွေ ငါးသောင်းပေးရတယ်၊ တတိုင်းလုံးပေးရတယ်၊ မြို့နယ်အလိုက်တော့ မတူဘူး၊ မရယတွေကို ပေးရတာလည်း ရှိတယ်၊ ဧရာဝတီတိုင်းထဲက တချို့မြို့နယ်တွေမှာဆို မယကကို တစ်သောင်းခွဲပေးရတာရှိတယ်။ ဇလွန်၊ ဓနုဖြူ၊ ထူးကြီး၊ မအူပင် တတိုင်းလုံးပေးရတာ” ဟု ပြောသည်။

စီဒီအမ်အေ ဖုန်းလျှောက်ရာတွင် ငါးသိန်းဟု တရားဝင် သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ ရန်ပုံငွေများပေးရခြင်းနှင့် ပွဲစားများကြောင့် ငွေကြေး ပိုမိုကုန်ကျနေကြောင်း ၎င်းက ဆက်ပြောသည်။

“ရံပုံငွေက မြို့နယ်ဆက်သွယ်ရေးရုံးမှာ သွင်းရတယ်၊ ဖုန်းလျှောက်တဲ့အတွက် ငါးသိန်းက ဘဏ်မှာ သွင်းရတာ၊ ဖုန်းကျလာတာနဲ့ ပေးရတာ၊ ပုသိမ်မှာ သွားလျှောက်မယ်ဆိုရင် ခြောက်သိန်းကျော် လောက် ကျသွားတယ်” ဟု ပြောသည်။

အလားတူ ပဲခူးတိုင်း၊ မင်းလှ၊သာယာဝတီ၊ ကြို့ပင်ကောက်၊ နတ္တလင်းမြို့နယ်များတွင်လည်း တိုင်းဆက်သွယ်ရေးရုံး ရန်ပုံငွေအတွက် ငွေကျပ်သိန်းချီပေးခဲ့ရသည့်အပြင် အာဏာပိုင်များနှင့် နီးစပ်သူများကို အရင်ချပေးခဲ့သည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

No comments:

Post a Comment