ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 18, 2010

ကြံ့ဖွံ့ပါတီက ချေးငွေ အပိုများကို တဖက်လှည့်အသုံးပြုနေ

ရိုးမ ၃။ သြဂုတ် ၁၈၊ ၂၀၁၀

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် လယ်သမားများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက ငွေချေးရာတွင် ပိုငွေများကို တဖက်လှည့်ဖြင့် အခြားနေရာတွင် အသုံးပြုနေကြောင်း ဒေသခံတဦးက ပြောသည်။

စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်လွန်းသီ ညွှန်ကြားချက်ဖြင့် တောင်သူများကို ငွေချေးရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲ ဝင်ရောက်ရန် လက်မှတ်ထိုးခိုင်းခြင်းကြောင့် ချေးငွေမယူသည့် တောင်သူများ၏ ပိုငွေများကို အခြားနေရာတွင် အတိုးနှုန်းကြီးကြီးဖြင့် လှည့်သုံးနေခြင်းဖြစ်သည်။

“ချေးငွေကို လယ်သမားတိုင်းက မယူဘူး။ အဲဒီအသင်းတွေဝင်ရမှာဆိုလို့၊ အဲဒီအတွက် ကြံ့ဖွံ့တွေက အထက်ကိုစာရင်းဇယားနဲ့ လယ်ဧကဘယ်လောက်ရှိတယ်ဆိုပြီး တင်ပြတာတော့ ငွေမချေးတဲ့ လယ်သမားတွေအတွက် ကျန်တဲ့ငွေကို သူတို့ကတစ်ဖက်လှည့်နဲ့ ငွေလှည့်ကစားကြတယ်၊ (၃) ကျပ်တိုးဆိုရင် (၁၀) တိုးနဲ့ သူတို့က ပြန်ပေးစားနေကြတယ်” ဟု ဒေသခံက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေချေးရာတွင် အတိုး (၃) ကျပ်နှုန်းဖြင့် လယ်တဧလျှင် ကျပ်(၇,၀၀၀) နှုန်း ချေးပေးနေခြင်းဖြစ်ကာ ငွေချေးသည့်တောင်သူများကို ပါတီဝင်ဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းခြင်းဖြစ်သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးရွာအုပ်စု ပေါင်း (၅၂) အုပ်စုရှိပြီး စိုက်ပျိုးမြေ လယ်ဧကပေါင်း (၇၈,၀၀၀) ရှိကြောင်း ဒေသခံက ဆက်ပြောသည်။

“ကွမ်းခြံကုန်မှာ လယ်ဧကပေါင်း (၇၈,၀၀၀) ကျော်ရှိတယ်၊ တစ်ဧကကိုယ် (၇,၀၀၀) နှုန်းနဲ့ ဧကပေါင်း (၇၈,၀၀၀) ဆိုရင် ငွေပေါင်းက ဘယ်လောက်ရှိမလဲဆိုတာကို ခန့်မှန်းကြည့်လို့ရပါတယ်၊ လယ်သမားအများစု ချေးငွေမယူကြဘူး” ဟု ဆက်လက်ပြောသည်။

စစ်အစိုးရ ဝန်ကြီးများအနေဖြင့် ၎င်းတို့ ဝင်ရောက်အရွေးခံမည့် မဲဆန္ဒနယ်များတွင်း စည်းရုံးမှုများကို နည်းမျိုးစုံပြုလုပ်နေလျှက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်း ကြံ့ဖွံ့က ငွေချေးပေးရာတွင် မျှတမှုမရှိကြောင်း ပြောဆိုခဲ့သည့် သူတဦးကို ဖမ်းဆီးထားခြင်းများလည်း ပြုလုပ်ခဲ့သည်။

No comments:

Post a Comment