ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 15, 2010

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ငွေချေးမှု မမျှတကြောင်း ပြောဆိုသူအဖမ်းခံရ

ရိုးမ ၃။ သြဂုတ် ၁၅၊ ၂၀၁၀

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ချေးငွေထုတ်ပေးပြီး စည်းရုံးမှုများပြုလုပ်နေသည်ကို လှည်းကူးမြို့နယ်အတွင်းက ရွာသားတဦးက ငွေချေးတာ မျှတမှု မရှိကြောင်း ပြောဆိုခဲ့သည့်အတွက် သောကြာနေ့က ဝတ္တရားနှောက်ယှက်မှုဖြင့် ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာမှ ကိုဇော်မင်းစိုးအား ရယက ဥက္ကဌက ရဲစခန်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံလယ်သမားတဦးက ပြောသည်။

“ကျနော်တို့ကို ငွေချေးတာက တသောင်းတောင် အပြည့်အဝ မရဘူး၊ ရှစ်ထောင်ငါးရာဘဲရတယ်၊ ဘာအတွက်ဖြတ်တယ်ဆိုတာ မသိဘူး၊ ကျောင်းရန်ပုံငွေရယ်၊ အထွေထွေက ငါးရာဖြတ်တယ်၊ အဲဒါကို ဇော်မင်းစိုးက မကျေနပ်ဘူး၊ ငွေချေးတာ မမျှတဘူးဆိုပြီးပြောတော့ ဆယ်အိမ်ခေါင်း ကိုမောင်မောင်က မကျေနပ်ရင် ဥက္ကဌ ဆီလိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်၊ အဲဒါကို ဝတ္တရားနှောက်ယှက်မှုနဲ့ ဖမ်းထားတာ” ဟု ပြောသည်။

ယင်းကဲ့သို့ ငွေချေးရာတွင် လယ်ကိုယ်ပိုင် မရှိသူများအား ငွေကျပ်တသောင်းမှ နှစ်သောင်းအထိချေးပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲ မပေးပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုပြီး လက်မှတ်ထိုးခိုင်းခြင်းများပါ ပြုလုပ်ကြောင်း ၎င်းက ဆက်ပြောသည်။

“လက်မှတ်ထိုး ငွေချေးတာကလဲ လာမဲ့နှစ် မတ်လ ၃၁ ရက်နေ့မှာ ပြန်မဆပ်ရင် ဥပဒေအရ အရေးယူမယ်၊ ပိုဆိုးတာက ငွေချေးထားတဲ့သူတွေက ရွေးကောက်ပွဲမှာ တခြားပါတီကို မဲထည့်ရင် ဥပဒေအရ အရေးယူမယ်၊ ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်တယ်၊ ငွေချေးတာကလဲ အတိုးတကျပ်ခွဲ နှုန်းနဲ့ချေးတာ” ဟု ဒေသခံ ရွာသားက ဆက်ပြောသည်။

အဆိုပါ ငွေချေး စည်းရုံးမှုကို မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ခံ ဦးလှသန်းနှင့်အဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ရယကဥက္ကဌကို ငွေလေးသိန်း၊ အတွင်းရေးမှူးအား နှစ်သိန်းချေးပြီး ၎င်းတို့နှင့် ပတ်သက်သည့် မိသားစုဝင်များကိုသာ သိန်းချီချေးပေးခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

ယင်ကဲ့သို့ ငွေချေးရာတွင် မမျှတမှုအား ပြောဆိုခဲ့သည့် ကိုဇော်မင်းစိုးအား ဖမ်းဆီးထားခြင်းကို ဒေသခံများက မကျေနပ်မှုများဖြစ်နေပြီး မိမိတို့ နှစ်သက်ရာ ပါတီကိုသာ မဲပေးမည်ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

“ကျနော်တို့ကတော့ မိမိနှစ်သက်ရာပါတီကိုဘဲ ထည့်မှာပါ၊ ဘယ်သူမှ မကျေနပ်ဘူး၊ နောက်လာမဲ့ ပါတီကလည်း ငွေချေးရင် ဒီလိုဘဲ ကြိုက်တဲ့ပါတီကို ထည့်မှာပါ” ဟု ဆက်လက်ပြောသည်။