ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 21, 2010

လေးစားမှုဖြင့် အမြဲသတိတရရှိနေမည်သာ

ကွယ်လွန်သူ ဘဘဦးရွှေအုံးသို့
(တူမောင်ညို)
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်)

ယခုစာ၏ ပထမစာပိုဒ်ကို ဝမ်းနည်းကြေကွဲစွာဖြင့် စတင်ရေးသားရပြီး။ နောက်ဆုံးစာပိုဒ်၏ အဆုံးသတ်ပုဒ်မကိုလည်း ဝမ်းနည်းကြေကွဲစွာဖြင့်ပင် ချရပါတော့မည်။ သို့သော်လည်း လေးစားမှုဖြင့် အမြဲသတိတရရှိနေမည်သာ။

ဘဘ ဦးရွှေအုံး (ညောင်ရွှေ) သည် ၁၉၄၆ -၄၇ ခုနှစ်များ ကတည်းက နိုင်ငံရေးလောကထဲ စတင်ပါဝင်လှုပ်ရှားနေခဲ့သူဖြစ်သည်။ ကွယ်လွန်ချိန်အထိ “စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပါတီစုံဒီမိုကရေစီအရေးအတွက်” မြက်ခြေမပြတ်ဦးတည် လှုပ်ရှားသွားခဲ့သူဟုပြောလျှင် အငြင်းပွားမည့်သူရှိလိမ့်မည် မထင်ပါ။ လက်တွေ့လှုပ်ရှားပုံ လှုပ်ရှားနည်းကတော့ ကွဲလွဲနိုင်ပါသည်။ ဖိနှိပ်ရက်စက်သော အုပ်စိုးသူအဆက်ဆက်ကို နည်းလမ်းတစ်ခုထဲဖြင့် ရိုးရိုးစင်းစင်းဆန့်ကျင်နေ၍ မဖြစ်နိုင်ပါ။ ဥပဒေတွင်း/ဥပဒေပ တိုက်ပွဲသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်တွန်းလှန်ကြရမည်။ “ရှမ်းအမျိုးသားလှုပ်ရှားမှု” ကိုပင် ရှမ်းအဖွဲ့အစည်းအမျိုးမျိုးသည် နည်းလမ်းအစုံစုံဖြင့် ဆောင်ရွက်နေကြသည် မဟုတ်ပါလား။ ယင်းတို့အထဲတွင် တူတာတွေလည်းရှိသလို မတူကွဲပြားတာတွေလည်း အများအပြားပင်ရှိနေသည်။

စစ်အာဏာရှင်စနစ်အောက်တွင် /၂၀၀၈ အခြေခံဥပဒေဘောင်ထဲတွင် “စစ်မှန်သောပြည်ထောင်စုနှင့် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်” တည်ဆောက်နိုင်လိမ့်မည်မဟုတ်ပါ။ ရရှိခံစားနိုင်လိမ့်မည်လည်း မဟုတ်ပါ။

(ဖဆပလ) အစိုးရခေတ်မှာပဲဖြစ်ဖြစ်၊ တော်လှန်ရေးကောင်စီခေတ်မှာပဲ ဖြစ်ဖြစ်၊ (မဆလ) ခေတ်မှာပဲ ဖြစ်ဖြစ်၊ (နဝတ-နအဖ) စစ်အစိုးရခေတ်မှာပဲဖြစ်ဖြစ် မည်သည့်တိုင်းရင်းသားလူမျိုးမျှ စစ်မှန်သော တန်းတူရေးနှင့် စစ်မှန်သောဒီမိုကရေစီအခွင့်အရေးများကို မရရှိမခံစားခဲ့ကြရပါ။ အုပ်စိုးသူအဆက်ဆက်၏ လိမ်ညာလှည့်စားမှုများနှင့် အကြမ်းဖက်ဖိနှိပ်ချေမှုန်း သတ်ဖြတ်ခဲ့မှုများကိုသာခံခဲ့ကြရသည်။

အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးများကို “၁၉၄၇ အခြေခံဥပဒေ” တွင် လည်းကောင်း၊ “၁၉၇၄ အခြေခံဥပဒေ” တွင် လည်းကောင်း စစ်မှန်ပြည့်ဝစွာ မခံစားခဲ့ရသလို “၂၀၀၈ အခြေခံဥပဒေ” တွင်လည်း အပြည့်အဝခံစားကြရလိမ့်မည် မဟုတ်ပါ။

ယင်းသို့ လွတ်လပ်ရေးရစဉ်မှစတင်ပြီး ယနေ့အချိန်အထိ လူမျိုးပေါင်းစုံပြည်သူများ စစ်မှန်သောတန်းတူရေးနှင့် စစ်မှန်သော ဒီမိုကရေစီအခွင့်အရေးများကို မရရှိ မခံစားခဲ့ရကြောင်းကို ၁၉၄၆-၄၇ ခုနှစ် မှ ယနေ့ ကွယ်လွန်ချိန်အထိ ဘဘဦးရွှေအုံး လှုပ်ရှားဆောင်ရွက်ခဲ့မှုများက သက်သေပြချက်တစ်ခုပမာ ဖြစ်နေပါသည်။

ဘဘ ဦးရွှေအုံး၏ လက်တွေ့နိုင်ငံရေးလှုပ်ရှားမှုနှင့် သဘောထားများအပေါ် ကျနော်သဘောမတူနိုင်သည့် အချက်အချို့ရှိနေလင့် ကစား ဘဘဦးရွှေအုံးအပေါ်ထားရှိသော ကျနော်၏ လေးစားချစ်ခင်မှုကို တစ်စုံတရာမျှ ထိခိုက်ခြင်း မရှိခဲ့ပါ။ လေးစားမြဲ၊ ချစ်ခင်မြဲ ဖြစ်ပါသည်။

ဘဘဦးရွှေအုံး ၏ “တူတာတွေကိုတွဲလုပ်၊ မတူတာတွေကိုသီးခြားလုပ်” ဆိုတဲ့ သဘောထားကို ကျနော်အပြည့်အဝ သဘောတူပါသည်။ ထို့အပြင် “လူမျိုးစု ၁၃၅ မျိုးလုံး တန်းတူရည်တူစည်းလုံးညီညွတ်မှုကို အခြေခံပြီး ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်သွားကြရေး” ဆိုတဲ့ ဘဘဦးရွှေအုံး၏ မျှော်မှန်းချက်ကို ကျနော်လေးစားတန်ဖိုးထားပါသည်။

ဘဘဦးရွှေအုံး၏မျှော်မှန်းချက်ကို ဘဘကို ချစ်ခင်လေးစားကြသည့် မျိုးဆက်သစ် ရှမ်းပြည်လူမျိုးပေါင်းစုံ လူငယ်များက ဆက်ခံ ထမ်းရွက်ကြလိမ့်မည်ဟု ကျနော်အလေးအနက်ယုံကြည်ပါသည်။

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ စစ်မှန်သော ပြည်ထောင်စုနှင့် စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေး ဘုံရည်မှန်းချက်ကို ဦးတည်လျှောက်လှမ်းကြရမည့် ခရီးရှည်ကြီးတွင် မျိုးဆက်သစ်ရှမ်းပြည်လူမျိုးပေါင်းစုံ လူငယ်များနှင့် “ တူတာတွေကို တွဲလုပ်၊ မတူတာတွေကိုသီးခြားလုပ်” ဆိုသည့် ဘဘဦးရွှေအုံးသဘောထားနှင့်အညီ ကျနော်ဆောင်ရွက်သွားပါမည်ဟု ကတိပြုပါသည်။

ရိုသေစွာဖြင့်
(တူမောင်ညို)