ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 23, 2010

မြဝတီမြို့တွင် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွား

ဖြိုးကြီး၊ သြဂုတ် ၂၃၊ ၂၀၁၀

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက် အထက(၁) အနီးတွင် ယမန်နေ့ ည (၈)နာရီဝန်းကျင်က ဂက်စ်အိုးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။

ယင်းပေါက်ကွဲမှုမှာ တရားမဝင် ဂက်စ်များကို ဖြန့်ဝေနေသည့် ဂိုတောင်တခု မီးလောင်ရာမှ မှန်လုံကားပေါ်တွင် တင်ဆောင်ထားသည့် ဂက်စ် အိုး(၆၂)လုံး ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဖြစ်တာက သူ့ဂိုထောင်ထဲမှာ မီးလောင်တော့ ကားကို အပြင်မောင်းထုတ်လိုက်တယ်၊ ဂိုထောင်တော့ ထိခိုက်ဒါဏ်ရာမရှိဘူး၊ ဘေးက အိမ်တလုံးကတော့ မီးဟပ်ပြီး ပစ္စည်းတွေ ကုန်တယ်၊ ကျန်နှစ်လုံးကတော့ လုံးဝ ပြာဖြစ်သွားတယ်၊ အထက ကျောင်းအနောက်တခြမ်းတော့ မီးလောင်သွားတယ်” ဟု ပြောသည်။

အဆိုပါ ဂက်စ်အိုးများ တင်ဆောင်ထားသည့်ကားမှာ အမှတ် (၃/ခ ၇၀၇၉ ) ဖြစ်ပြီး ကားမောင်းသူနှင့် ပိုင်ရှင်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီပိုင်ရှင်လူက ၂၀၀၈ တုန်းက ပေါက်ကွဲမှုဖြစ်လို့ ထောင်ချမှတ်ထားတယ်၊ ဒါပေမဲ့ သူက ပေးကမ်းပြီး ပြန်ထွက်လာတယ်၊ အခု ထပ်လုပ်တာ၊ ဆိုင်ဖွင့်ထားတာတော့ မဟုတ်ဘူး၊ ထိုင်းကနေ ဂက်စ်တွေကို တရားမဝင်သယ်ပြီး မော်လမြိုင်ဘက်နဲ့ အခြားမြို့တွေကို ဖြန့်ပေးနေသူဖြစ်တယ်” ဟု ဆက်ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ မိနစ် (၂၀) ခန့်ကြာမြင့်ပြီး မီးသတ်လူငယ်နှစ်ဦးသာ ထိခိုက်ဒါဏ်ရာရရှိကြောင်း ၎င်းက ပြောသည်။

“လူတွေတော့ ထိခိုက်ဒဏ်ရာ မရှိဘူး၊ မီးသတ်ကောင်လေး နှစ်ယောက်တော့ ဒါဏ်ရာရတယ်၊ ကားကတော့ နံပါတ်ဘဲကျန်တယ်၊ ဘာမှမရှိတော့ဘူး” ဟုပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မြဝတီနယ်စပ်တွင် သတင်းအမျိုးမျိုး ထွက်ပေါ်နေလျှက်ရှိကြောင်း အခြားမြို့ခံတဦးက ဆက်ပြောသည်။

“ပေါက်ကွဲမှုဖြစ်တော့ လူတွေက ဖြစ်ဖြစ်ချင်း ထိတ်လန့်သွားကြတာပေါ့၊ ပေါက်ကွဲတဲ့အသံကလည်း တော်တော် ကျယ်ကျယ်လောင်လောင်ဆိုတော့၊ နောက်ပြီး ဒီရက်ပိုင်းမှာကလည်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြဝတီမြို့၊ မေတ္တာလင်းမြိုင်ရပ်ကွက်တွင် လက်ပစ်ဗုံးဖြင့် ပစ်လိုက်ခြင်းကြောင့် လုံခြုံရေးတာဝန်ယူထားသည့် နအဖ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယခုလ (၆)ရက်နေ့ ကလည်း မြဝတီမြို့ ညဈေးတန်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

No comments:

Post a Comment