ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 23, 2010

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ

ရိုးမ ၃။ သြဂုတ် ၂၃၊ ၂၀၁၀

ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ်တွင် ကျရောက်သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ (လက်ချည်ပွဲ) ကို ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ ဆာသူလေ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ “ကျနော်တို့ ဒီပွဲကို မျက်မှောက်ခေတ်မှာ ဆက်လုပ်တယ် ဆိုတာက ကျနော်တို့ ကရင်လူမျိုးရဲ့ ရိုးရာဓလေ့အစဉ်အလာတွေ မပျောက်ပျက်အောင်ရယ်၊ ကရင်လူထုကြားထဲမှာ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို ပိုပြီးတည်ဆောင်နိုင်အောင် ရည်ရွယ်ပြီး လုပ်တာပါ” ဟု အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် တဦးက ပြောသည်။

အဆိုပါ လက်ချည်ပွဲ အယူအဆသည် ရှေးကရင်လူမျိုးများအနေဖြင့် ခရစ်တော်မပေါ်မီ ကာလကတည်းက ပြုလုပ်ခဲ့သည့် ဓလေ့အစဉ်အလာတခုဖြစ်ပြီး နှစ်စဉ်ဝါခေါင်လဆန်းမှ စတင်၍ ၀ါခေါင်လပြည့်နေ့အထိ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က ဝါခေါင်လဆိုတာ မကောင်းဆိုးဝါးတွေ ပျော်မြူးတဲ့လ ဖြစ်တယ်၊ အဲဒီဝိဥာဉ်တွေဟာ သူတို့သား သမီးမြေးမြစ်တွေရဲ့ ဝိဥာဉ်တွေကို ပူးကပ်မယ်ဆိုရင် နေထိုင် မကောင်းဖြစ်တာတို့ဖြစ်တယ်၊ အဲဒါကြောင့် ဝါခေါင်လ ရောက်တိုင်း ချည်ဖြူခင်အပါအဝင် အဆောင်အယောင် ၇ မျိုးနဲ့ စီမံထားတာကို လက်ကောက် ဝတ်မှာ ချည်နှောင်ပြီး အကာကွယ်လုပ်တဲ့ ပွဲပါ၊ ဒါဟာ ကရင်တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်” ဟု ပြောသည်။

ရိုးရာလက်ချည်ပွဲပြုလုပ်သည့် အယူအဆသည် ကရင်တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်ပြီး ဘာသာအရေးအရ ကွဲပြားခြားနားမှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ကရင်တိုင်းရင်းသူတဦးကလည်း “ဒီပွဲကို ထိုင်းနိုင်ငံမှာလုပ်ရတာ စိတ်မကောင်းဘူး၊ ကရင်လူမျိုးတွေ တစုတစည်းတည်းနဲ့ ကိုယ့်နိုင်ငံမှာဘဲ ပြန်လုပ်ချင်တယ်၊ ဒါပေမဲ့ နေရာဒေသအစုံက ကိုယ့်လူမျိုးကရင်တွေ အစုံပြန်တွေ့ရတော့ ပျော်ပါတယ်” ဟု ပြောသည်။

လက်ချည်ပွဲတွင် ပါဝင်သည့်အစီအမံပစ္စည်းများမှာ ချည်ဖြူခင်၊ ကောက်ညှင်းထုတ် ဖင်ချွန်၊ ငှက်ပျောသီး၊ ကြံ၊ ရေ၊ နတ်ပန်းညိုပန်း၊ ထမင်းဆုပ်တို့ဖြင့် စီမံထားပြီး မကောင်းဆိုးဝါးတွေ ဝိဥာဉ်တွေ မကျရောက်အောင် ချည်ဖြူခင်နဲ့ သုံးချက်တုတ်နှောင်လိုက်ခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင်က ဆက်ပြောသည်။

“ကရင်တွေအားလုံးကို ပြောချင်တာကတော့ ကျနော်တို့ကြားမှာ ယနေ့ထိ တည်ဆောက်လို့မရသေးတာ ညီညွတ်မှုဖြစ်တယ်၊ အဲဒါကို တည်ဆောက်ဖို့ အသက်တမျှအရေးကြီးတယ်၊ ဒီလိုရိုးရာဓလေ့တခုကို စုပေါင်းဖော်ထုတ်တယ်၊ ကျနော်တို့ ကရင်တွေအားလုံး ကိုယ့်ရဲ့ရိုးရာ စာပေ၊ ဘာသာစကားတွေအားလုံးကို ဘာသာမရွေး မျိုးနွယ်စုမရွေးဘဲ ကရင်ဆိုတဲ့ စိတ်ဓါတ်တခုထားပြီး ဖော်ထုတ်ကြဖို့ လိုပါတယ်” ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။

ထို့အပြင် ကရင့်ရိုးရာလက်ချည်ပွဲ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ နောင်ဘွားကျောင်း၊ မယ်ပအရပ်ရှိ တောရဘုန်းတော်ကြီးကျောင်းနှင့် ကရင်တိုင်းရင်းသားများနေထိုင်သည့် ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်စခန်းတို့တွင်လည်း အားလပ်ရက်ကို တွက်ချက်၍ ဝါခေါင်လပြည့်မကျော်ခင် ဆက်လက်ပြုလုပ်သွားရန်ရှိကြောင်း၎င်း ဆက်ပြောသည်။

1 comment:

  1. ကျနော်တို့ ကရင်လူမျိုးအားလုံးကိုသိစေချင်ပါတယ် ညီညွတ်မှုကို လိုချင်ရင် ဘာသာအရေးကို အလေးမထားပါနဲ့ ဘာသာပျောက်မှာကို မစိုးရိမ်းပါနဲ့ လူမျိုးပျောက်မှာကိုပဲစိုးရိမ်ပါ ဘာသာပျောက်ရင်ပြန်ပြီး ဘာသာကိုပြန်ပြီး ဝယ်ယူလို့ရပါတယ် ရောင်းဖို့အများကြီးရှိတယ် ဘယ်ဘာသာကိုလိုချင်လဲ ပြောအကုန်ရှိတယ် လူမျိုးပျောက်ရင်ပြန်ရှာဝယ်ဖို့မလွယ်တော့ဘူး ကိုယ့်ညီတို့ ဒါကြောင့်ဘာသာရေးကြောင့် စည်းလုံးမှုတွေ ဆုံးရှုံးခဲ့ရပါတယ်
    လက်ချည်ပွဲဟာ ကျနော်တို့ကရင်ညီနှောင်အားလုံးနဲ့ဆိုင်ပါတယ် ဘာသာရေးနဲ့မဆိုင်ပါဘူး သိစေချင်ပါတယ် ကရင်ညီနှောင်အားလုံးတို့

    ReplyDelete