ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 26, 2010

ဗိုလ်မှူးချုပ်ထိန်မောင်အဖွဲ့ကို နယ်ခြားစောင့်တပ်ပြောင်းရန် ဖိအားပေး

ရိုးမ ၃။ သြဂုတ် ၂၆၊ ၂၀၁၀

ဗိုလ်မှူးချုပ် ထိန်မောင်ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးအတွက် စစ်အစိုးရအာဏာပိုင်များက ယခုလ (၂၄) ရက်နေ့တွင် ဖိအားပေးပြောကြားခဲ့သည်။

စစ်အစိုးရကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ငြိမ်းချမ်းရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ခေါ်ယူတွေ့ဆုံကာ ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့က အမိန့်အာဏာနဲ့ လာကြတယ်၊ သူတို့က တပတ်၊ ဆယ်ရက်အတွင်း အဖြေပေးပေါ့၊ မပေးရင် စစ်တပ်နဲ့ဝိုင်းမယ်၊ ထော်ကိုကိုးရွာက ကရင်အဖွဲ့အစည်းတွေအားလုံးကို မောင်းထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ရမ်းကားတဲ့စကားတွေ ပြောတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး” ဟု ငြိမ်းချမ်းရေးကောင်စီ ထိပ်တန်းခေါင်းဆောင် တဦးက ပြောသည်။

ငြိမ်းချမ်းရေးကောင်စီအနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးသည် တစုံတရာအကျိုးမရှိသည့်အတွက် အောက်ခြေအဆင့် တပ်မှူးများကိုသာ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးလက်မခံလို့ စစ်ရေးအရ ဖြေရှင်းလာမယ်ဆိုရင် ကျနော်တို့ကလည်း ပြန်လည်ခုခံသွားမှာဘဲ၊ ကျနော်တို့လက်နက်ကိုင်တယ်ဆိုတာက တိုင်းပြည်ငြိမ်သက်ပြီး ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကိုယ့်လူထုတွေ စိတ်ချမ်းသာအောင်လုပ်တာဆိုတော့ ဆက်လက်ထိမ်းသိမ်းသွားရမှာဘဲ” ဟု အဆိုပါ ခေါင်းဆောင်က ဆက်ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးယူသည့် (၃) နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း မရှိကြောင်းနှင့် စစ်အစိုးရအလိုအတိုင်းသာ လုပ်ကိုင်ခဲ့ရကြောင်း ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင်က ပြောသည်။

စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကရင်ငြိမ်းချမ်းရေးကောင်စီမှ ထိပ်တန်းခေါင်းဆောင်က “ကျနော်တို့ အနေနဲ့ကလည်း ရွေးကောက်ပွဲဆိုတာက ရွေးချယ်ပွဲဟာ၊ ရွေးကောက်ပွဲမှမဟုတ်တာ သူတို့က ရွေးကောက်ပွဲကို သူတို့ဟာ သူတို့ ရွေးချယ်ပြီးပြီ၊ အစိုးရအဖွဲ့လည်း ဖွဲ့ပြီးပြီ၊ ကျန်တဲ့ပါတီတွေကိုလည်း ဘုရာတည်ပြီး ငြမ်းဖျက်လုပ်ခဲ့မှာ” ဟု ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ၂၀၀၇ ခုနှစ်အတွင်းက ခွဲထွက်၍ ဗိုလ်ချုပ်ထိန်မောင်က ဦးဆောင်က ငြိမ်းချမ်းရေးယူခဲ့သည့်အဖွဲ့ဖြစ်ပြီး အင်အား (၂,၀၀၀) ခန့်ရှိကာ ကရင်ပြည်နယ်၊ ထော့ကို့ကိုးကျေးရွာတွင် အခြေစိုက်၍ မြဝတီနှင့် ဘုရားသုံးဆူဒေသများတွင် လှုပ်ရှားနေခြင်းဖြစ်သည်။

စစ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကောင်စီပိုင် မော်တော်ယာဉ်များ မြဝတီမြို့တွင်း သွားလာရာတွင် ဖမ်းဆီးပိတ်ပင်ခြင်းများ ပြုလုပ်နေလျက်ရှိပြီး ရွေးကောက်ပွဲကာလ မတိုင်ခင် အပစ်ရပ်အဖွဲ့များအားလုံးကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နည်းအမျိုးမျိုးဖြင့် ဖိအားပေးခြင်းများ ပြုလုပ်နေသည်။

No comments:

Post a Comment