အဖြေနဲ့ လက်တွေ့အလုပ်
တူမောင်ညို။ သြဂုတ် ၂၇၊ ၂၀၁၀
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ မီဒီယာတွေကို ပြောပါတယ်။
“အပြစ်ကြွေး (ပုဒ် ၁၂၂ ၊ ၁၂၄) ကိုဆပ်ပြီးပြီတဲ့၊ ထပ်ပြီးတော့ ကြိုးနဲ့ချီတယ်” တဲ့။
ဒါကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဒုတိယမ္ပိ အသနားခံစာ မတင်တော့ဘဲ။ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ တရားဝင် ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့က (ယူဒီပီ) ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပါတီဥက္ကဋ္ဌ တာဝန်ကနေ နှုတ်ထွက်သွားတယ်။
“ဒီရွေးကောက်ပွဲက လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်လိမ့်မယ် မထင်ဘူး၊ ရွေးကောက်ပွဲနိုင်ငံရေးအခင်းကျင်းနဲ့ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေမှုကနေ ရပ်တန့်လိုက်တာ” လို့ ပြောပြီး နှုတ်ထွက်သွားခဲ့တယ်။
သြဂုတ်လ (၂၅) ရက်နေ့မှာ (NDF) ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
ရွေးကောက်ပွဲမဝင်ဘူးလို့သာ ဆုံးဖြတ်တာ ဖြစ်ပေမယ့်၊ ဦးခင်မောင်ဆွေဟာ ပါတီခေါင်းဆောင်ဖြစ် ဆက်ရှိနေမယ်လို့ဆိုပါတယ်။
ပါတီ ၂ ခုက ထိပ်ဆုံးခေါင်းဆောင်တွေ ဆုံးဖြတ်ကြပုံခြင်း မတူကြပါ။
ကျနော့်အထင် (ယူဒီပီ) ဥက္ကဋ္ဌက ရွေးကောက်ပွဲက တရားမျှတမှာ မဟုတ်ဘူးဆိုပြီး နိုင်ငံရေးပြဿနာဘက်က ရပ်တည်ကြည့်မြင်ပြီး စဉ်းစားဆုံးဖြတ်ခဲ့တာလို့ ယူဆပါတယ်။
(NDF) ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာဘာညာညာမပြောပါဘူး။
(နအဖ) စစ်အစိုးရနဲ့ကော်မရှင်က သူ့ကို အခုလိုထပ်ပြီး “ကြိုးနဲ့ချည်” တာကို လူတစ်ဦးတစ်ယောက်ကို ကန့်သတ်တဲ့ကိစ္စ၊ ပုဂ္ဂိုလ်ရေးကိစ္စလို့ မြင်နေရှာတယ်။ စစ်အစိုးရနဲ့ စစ်အာဏာရှင်စနစ်က ဖိနှိပ်နေတာ မဟုတ်ဘူးလား။
ဦးခင်မောင်ဆွေလိုစဉ်းစားရင် မိသားစုကို အသိမပေးဘဲ၊ ဦးဆေထင်ကို ထောင်ပြောင်းတာ။ ဒေါက်တာတူးဂျာတို့ (KSPP) ကို ဖွဲ့စည်းခွင့်မပေးသေးတာတွေဟာ ပုဂ္ဂိုလ်ရေးတွေလို့ သုံးသပ်ရမှာလား။
တစ်ခုတော့ရှိပါတယ်။ (နဝတ-နအဖ) စစ်အုပ်စုဟာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေ အပေါ်မှာတော့ ခါးခါးသည်းသည်း အငြှိုးအတေးထားသူတွေဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအာဃာတလည်းကြီးမားပါတယ်။ (ဥပမာ ဒေါ်အောင်ဆန်းစုကြည်/ ဦးတင်ဦး/ ဦးဝင်းတင် /ခွန်ထွန်းဦး/ မင်းကိုနိုင် စတဲ့ နိုင်ငံရေးသမားတွေအပေါ်ထားရှိတဲ့ သဘောထားမျိုးပေါ့)။
ဒါကလည်း စစ်အုပ်စုအပေါ်/ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်သူတွေနဲ့ စစ်အုပ်စုအပေါ် “ကမ္ဘာမကြေဘူး” စိတ်ဓါတ်ရှိသူတွေအပေါ်မှာပဲ ဖြစ်ပါတယ်။ အဲဒီလို အငြှိုးနဲ့အာဃာတတွေ၊ ဆိုးသွမ်းယုတ်မာတဲ့ သဘောထားတွေကို ဒီပဲယင်းအရေးခင်းလို အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ စစ်အုပ်စုက လက်တွေ့ရုပ်လုံးဖ်ါပြလေ့ရှိတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ သိန်းစိုးကော်မရှင်က လက်တွေ့ကိုင်တွယ်နေမှုတွေကလည်း နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေအပေါ် စစ်အုပ်စုကထားရှိနေတဲ့ “ချုပ်ကိုင်ချေမှုန်းရေး သဘောထားအမြင်”ကို ထင်ဟပ်နေပါတယ်။
တချို့ကိုတော့ အကျဉ်းထောင်တွင်း (စိတ်နဲ့ခန္ဓာ) ညှင်းပန်းနှိပ်စက်တဲ့နည်းတွေနဲ့ ဖေါ်ပြလေ့ရှိတယ်။ စာနယ်ဇင်းနယ်ပယ်မှာတော့ နာမည်ရေးသားဖေါ်ခွင့်မပြုတာတို့ ဓါတ်ပုံဖေါ်ပြခွင့်မပြုတာတို့ စာရေးသားခွင့် ပိတ်ပင်တာတို့၊ ထောင်ဝင်စာ ပိတ်ပင်တာ၊ ထောင်ပြောင်းတာ၊ တိုက်ပိတ်တာတိုလို လုပ်ရပ်တွေနဲ့လည်း သေးသိမ်စွာဖေါ်ပြလိမ့်ရှိပါတယ်။
ဒူးထောက်အညံ့ခံလာသူတွေအပေါ်မှာတော့ သဘောထားတမျိုးထားတတ်ပါတယ်။
ဒါကလည်း လိုတဲ့အခါအသုံးပြုဖို့ဆိုတဲ့ အကြံနဲ့ဖြစ်ပါတယ်။ ဒူးထောက်အညံ့ခံလိုက်ပြီးဆိုကတည်းက စစ်အုပ်စုခိုင်းတာ မှန်သမျှလုပ် ရတော့တာပဲ။ အမြင်သာဆုံးကတော့ ဆောင်းပါးတွေရေးပြီး အလုပ်ကြွေးပြုရတာပဲ။ တချို့လည်းပါတီထောင်ပြီး အလံရှူးလုပ်ရတယ်။
အဲဒီလို လုပ်တဲ့လုပ်ရပ်တွေကို စစ်အုပ်စုက “အမျိုးသားနိုင်ငံရေး” ဆိုပြီး ထောမနာပြုတယ်။
တကယ်တော့ ဒီဖြစ်ရပ်တွေဟာ (နအဖ) စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲမှာပါဝင်မယ့် နိုင်ငံရေးပါတီတွေအပေါ်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေအပေါ်ထားရှိတဲ့ သဘောထားကို အတိအလင်း ဖေါ်ပြနေတာ ဖြစ်ပါတယ်။
ယခုဖြစ်ရပ်တွေဟာ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ရဲ့ ပဏာမနိဒါန်းပဲရှိပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သာ အသက်ဝင်တည်ရှိလာမယ်ဆိုရင် ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားတွေးတောသာကြည့်ကြပါတော့။
အထပ်ထပ်သောဖိနှိပ်ရေးနှောင်ကြိုးတွေနဲ့ ချည်တုပ်တာကိုခံကြမလား။
ဒါမှမဟုတ် ဖိနှိပ်ရေးနှောင်ကြိုးတွေကို တစ်စည်းတစ်လုံးတည်း ဖြတ်တောက်ကြမလား။
အဖြေက စစ်အာဏာရှင်စနစ်ကိုအကုန်အစင်တိုက်ဖျက်ရမယ်။
လက်တွေ့အလုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့ ၂၀၁၀ ရွေးကောက်ပွဲတိုက်ဖျက်ရေးပဲဖြစ်ပါတယ်။

(တူမောင်ညို)
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆ ရက်)
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆ ရက်)
No comments:
Post a Comment