ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 25, 2010

(မဒမခ) ဆဌမအကြိမ်မြောက် ညီလာခံ ကျင်းပပြီးစီး

ကောင်းမြတ်ကျော်။ သြဂုတ် ၂၅၊ ၂၀၁၀။

မြန်မာပြည် ဒီမိုကရတစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ၏ ဆဌမအကြိမ်မြောက် ညီလာခံကို သြဂုတ်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

ညီလာခံသို့ အဖွဲ့ဝင်အဖွဲ့အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၄၄ ဦး တက်ရောက်ကာ လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည် နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြ၍ မဟာဗျူဟာ လုပ်ငန်းစဉ် (၇) ရပ်အား ချမှတ်နိုင်ခဲ့ကြကြောင်း သိရသည်။

ညီလာခံမှ ချမှတ်ပေးလိုက်သော မဟာဗျူဟာလုပ်ငန်းစဉ် (၇) ရပ်အား အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ဥက္ကဌ ပဒို စောအားတိုး၊ ဒု-ဥက္ကဌ ဦးအေးဆောင်နှင့် အထွေထွေအတွင်းရေးမှူး ရဲဘော်မျိုးဝင်းတို့ ဦးဆောင်သော ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် (၁၁) ဦးအား ညီလာခံကိုယ်စားလှယ်များမှ ရွေးချယ်တင်မြှောက်ခဲ့သည်။

အဆိုပါ (မဒမခ) ဆဌမအကြိမ်မြောက် ညီလာခံမှ ထုတ်ပြန်ကြေညာသည့် ကြေညာချက်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲအပါအဝင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်မည့် စစ်အုပ်စု၏ နိုင်ငံရေးလုပ်ငန်း မှန်သမျှနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် နည်းလမ်းပေါင်းစုံဖြင့် တိုက်ဖျက်သွားရေးသည် ယနေ့ကာလ၏ အခြေခံအကျဆုံးသော နိုင်ငံရေး လုပ်ငန်းစဉ်ဖြစ်ကြောင်း ဖော်ပြထားသည်။

မဒမခ အထွေထွေအတွင်းရေးမှူး ရဲဘော်မျိုးဝင်းက “ကျနော်တို့အနေနဲ့ လက်ရှိချမှတ်ထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်။ ပြည်သူလူထုအနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ဆောင်မယ့် စစ်အုပ်စုရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှန်သမျှကို ကျနော်တို့နဲ့ အတူလက်တွဲပြီး ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုတရပ်လုံးကို တိုက်တွန်းပါတယ်” ဟု ပြောသည်။

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံကြီးအပြီး နယ်စပ်ဒေသသို့ ရောက်ရှိလာသော ရဟန်းရှင်လူကျောင်းသားပြည်သူများနှင့် တိုင်းရင်းသားအင်အားစုများ ပူးပေါင်း၍ ၁၉၈၈ ခုနှစ် နိုဝင်္ဘာလ ၁၈ ရက်နေ့တွင် မာနယ်ပလောဗဟိုဌာနချုပ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင်အဖွဲ့ဝင်အဖွဲ့စည်း ပေါင်း ၂၅ ဖွဲ့ ပါဝင်လျှက်ရှိသည်။

No comments:

Post a Comment