ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 4, 2010

အပစ်ရပ်အဖွဲ့များအား လက်နက်ကိုင်ဆောင် သွားလာခွင့်ကို ပိတ်ပင်

ဖြိုးကြီး။ သြဂုတ် ၄၊ ၂၀၁၀

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင် ယူနီဖောင်းဝတ်၍ သွားလာခွင့် မရှိတော့ စစ်အာဏာပိုင်များက တရားဝင်ခေါ်ယူ ပြောဆိုခဲ့ကြောင်း အပစ်ရပ်တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ယခုလ ၂ ရက်နေ့က မြဝတီခရိုင် (စရဖ) ရုံးတွင် ဗိုလ်ကြီးနေလင်းအောင်က (DKBA)၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့များနှင့် အခြားအဖွဲ့များအား ခေါ်ယူပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်နက်တွေကို တပ်ရင်းတွေ၊ တပ်ခွဲတွေမှာထား၊ လူကြီးလမ်းကြောင်းရှိရင် ယူနီဖောင်းဝတ် စစ်ရေး အရေးပေါ်လို့ရှိရင် လက်နက်ကိုင်ဆောင်သွားလာပေါ့၊ ဒီတိုင်းမြို့ထဲမှာ သွားတာလာတာကတော့ လက်နက်ကိုင်ဆောင်ခွင့် မရှိတော့ဘူး၊ အရပ်ဝတ်နဲ့ဘဲ သွားလာခွင့်ရှိတယ်ဆိုပြီး ပြောတယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ယင်းအစီအစဉ်ကို ယခင်ကတည်းက စတင်၍ လုပ်ဆောင်နေသော်လည်း ယခုမှ တရားဝင် အကောင်ထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေး အပစ်ရပ်အဖွဲ့များ လုပ်ကိုင်နေသည့် နယ်စပ်ဂိတ်များကိုလည်း ယခင်ကဲ့သို့ ဖွင့်ခွင့် မရှိတော့ဘဲ ကုမ္ပဏီအမည်ခံ၍ သွင်းကုန်၊ ထုတ်ကုန် လိုင်စင်လုပ်ရမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

“DKBA ဆိုရင်လည်း DKBA ဂိတ်မရတော့ဘူး၊ ကရင်ငြိမ်းချမ်းရေးဆိုလည်း အဲဒီအတိုင်း မရတော့ဘူး၊ ဘယ်ကုမ္ပဏီက သွင်းကုန် ထုတ်ကုန်လိုင်စင်ရှိတယ်ပေါ့၊ လိုင်စင်မရှိတဲ့ဂိတ်က ဖွင့်ခွင့်မရှိတော့ဘူး” ဟု ဆက်ပြောသည်။

အပစ်ရပ်အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ တပ်ရင်းများတွင် နေထိုင်ခွင့်ရှိသော်လည်း ဂိတ်များတွင်မူ စစ်တပ်၊ ရဲ၊ အကောက်ခွန်ဝန်ထမ်းများနှင့်အတူ နေရမည်ဖြစ်ကြောင်း တရားဝင်ပြောခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကိစ္စကို ပြီးခဲ့သည့်လ ၃၀ ရက်နေ့ကတည်းက ပြောခဲ့ပြီးဖြစ်သော်လည်း ယခုလ ၂ ရက်နေ့တွင်လည်း ဆက်လက်၍ ပြောခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရအနေဖြင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်အဖွဲ့ (DKBA) အား လက်နက်များဖြုတ်သိမ်း၍ နယ်ခြားစောင့်တပ် အသွင်းပြောင်းရန် လုပ်ဆောင်နေလျှက်ရှိရာ ဒီကေဘီအေ တပ်မှူးများအနေဖြင့် သဘောထား ကွဲလွဲမှုများရှိနေပြီး ဒီကေဘီအေတပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ်က နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လုံးဝလက်မခံကြောင်း တရားဝင် ငြင်းဆန်ထားသည်။

No comments:

Post a Comment