ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 23, 2009

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ဒုတိယအကြိမ်ညီလာခံကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်

ရိုးမ ၃

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ဒုတိယအကြိမ်မြောက်ညီလာခံကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယခုလ (၁၈) ရက်နေ့မှစတင်ပြုလုပ်ခဲ့ပြီး အတွင်းရေးမှူးအဖွဲ့အား ပြန်လည်ရွေးချယ်တင်မြှောက်ကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်။

ပထမအကြိမ်ညီလာခံတွင် အတွင်းရေးမှူးအဖွဲ့ ၉ ဦးသာရှိခဲ့သော်လည်း ယခုအကြိမ်တွင်မှု အလုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့် စွာ လုပ်ဆောင်သွားရန်အတွက် ၁၁ ဦးထိ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း (FDB) ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးငွေလင်းက ပြောသည်။

“၂၀၀၉၊ ၂၀၁၀ ဟာ အရေးကြီးကာလကို ရောက်လာတာဖြစ်တဲ့အတွက် အလုပ်ပိုလုပ်နိုင်ဖို့ အခုလို တိုးချဲ့လိုက်ခြင်းဖြစ်ပါတယ်၊ အပြောင်းအလဲတွေရှိတယ်ဆိုပေမဲ့ ကျနော်တို့ တချို့ခေါင်းဆောင်ပိုင်းတွေက လက်ရှိနေရာတွေမှာ ပြန်တာဝန်ယူရတာ တွေရှိတယ်၊ ကျနော်တို့ ရွေးချယ်တာက ပထမသက်တမ်းပြီးသွားတဲ့အခါမှာ အားလုံးနှုတ်ထွက်ကြတယ်၊ ပြီးတော့မှ ပြန်လည်အရွေးချယ်ခံရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

(FDB) အထွေထွေအတွင်းရေးမှူချုပ်အဖြစ် ဒေါက်တာနိုင်အောင်၊ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးငွေလင်း၊ ဦးကျော်ထက်၊ အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေးကော်မတီမှ အတွင်းရေးမှူး မခင်ဥမ္မာ၊ ဒုတိယအတွင်ရေးမှူး ကိုစိုးအောင်၊ ကိုသွင်လင်းအောင်၊ ပြည်တွင်းလုပ်ငန်းကော်မတီတွင် အတွင်းရေးမှူး ကိုမင်းနိုင်၊ ဒုတိယအတွင်းရေးမှူး ကိုတိတ်နိုင်၊ ကိုမြင့်ဟိန်း၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီ အတွင်းရေးမှူး ကိုတိုးတိုးထွန်း၊ ဒုတိယအတွင်းရေးမှူး မနိုးနိုးထက်စံအား ပြန်လည်ရွေးချယ်တင်မြှောက်လိုက်သည်။

၎င်းတို့အား တက်ရောက်လာကြသည့် ညီလာခံကိုယ်စားလှယ်များအားလုံး သဘောတူရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး (FDB) အဖွဲ့၏ မဟာဗျူဟာ (၄) ရပ်ကို အကောင်အထည်ဖော်ရန်အတွက် ရှေ့လုပ်ငန်းစဉ် (၉) ခုအား ချမှတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ ရှေ့လုပ်ငန်းစဉ်တွေက အနှစ်သာရအားဖြင့် ပြောမယ်ဆိုရင် ပိုမိုလုပ်ကိုင်စွမ်းရှိသော ယနေ့ကာလ စိန်ခေါ်ချက်များကို သေသေချာချာ ဆောင်ရွက်နိုင်ဖို့၊ အရေးတော်ပုံကြီး ဖြစ်ပေါ်လာဖို့ အင်မတန်အင်အားကြီးတဲ့ နိုင်ငံရေးတပ်ပေါင်းစုကြီး ရှိဖို့လို့တယ်၊ အဲဒါကို အထဲရောအပြင်ရော ပြင်ဆင်သွားဖို့၊ လူထုတိုက်ပွဲတွေဖြစ်ပေါ်လာဖို့ လှုပ်ရှားဆောင်ရွက်သွားဖို့နဲ့ နိုင်ငံတကာမိသားစုအသိုင်းအဝိုင်းရဲ့ စာနာမှု ထောက်ခံမှုတွေကို ရှာဖွေသွားကြဖို့ အဲဒါတွေက မဟာဗျူဟာ လုပ်ငန်းစဉ်တွေပါ” ဟု ပြောသည်။

၎င်းလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရှေ့လုပ်ငန်းစဉ် (၉) ခုအား ချမှတ်ခြင်းဖြစ်ပြီး ညီလာခံတွင် ပြည်တွင်းပြည်ပနှင့် အဘက်ဘက်မှ အခြေအနေများကို သုံးသပ်၍ လက်တွေ့ကျသည့် လုပ်ငန်းစဉ်ကို အင်အားတောင့်တောင့်တင်းတင်းဖြင့် လုပ်နိုင်ပါက ပိုမိုပီပြင်လာမည်ဖြစ်ကြောင်း ဦးငွေလင်းက ဆက်ပြောသည်။

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) စတင်တည်ထောင်ချိန်မှစ၍ လုပ်ဆောင်နိုင်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ “ကျနော်တို့ သုံးသပ်မိတာက ယခင်ကထက် ယနေ့ လုပ်ကိုင်နိုင်တာက တော်လှန်ရေးကာလမှာ တစုံတရာ ကျေပွန်မှုအပိုင်း ပါဝင်လာပြီလို့ ပြောရင်ရပါတယ်၊ နောက်တခုက မဟာမိတ်တွေကြားမှာ ယုံကြည်မှုတည်ဆောက်ရေး ၊ အကြံပေး ဆောင်ရွက်မှုတွေကြားထဲမှာ ပြန်လည်ယုံကြည်မှုတွေရပြီး ပိုမို အားကောင်းအောင် လုပ်ဆောင်လာနိုင်တယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအခြေနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံဥပဒေသည် ပြည်သူလူထုအတွက် အာမခံချက်မရှိသည့်အတွက် အသက်မဝင်အောင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးခြင်း၊ လွတ်တော်ခေါ်ယူပေးခြင်းနှင့် တွေ့ဆုံဆွေးနွေးရေးမလုပ်ပါက စစ်အစိုးရ၏ ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ကြောင်းကို လူထုအတွင်း စည်းရုံးလှုံဆော်မှုများ၊ လူထုလှုပ်ရှားမှုများ ဆက်ဖော်ဆောင်သွားမည်ဟု ပြောသည်။

“အဓိကကတော့ ၂၀၁၀ မတိုင်ခင် NLD၊ CRPP ထောက်ပြတဲ့ ရည်မှန်းချက် (၄) ခု ပေါက်မြောက်လာအောင် လူထုတိုက်ပွဲနဲ့ တွန်းတင်ရမယ်၊ စစ်အစိုးရက ဂန်ဘာရီကို နောက်ဆုံးပြောတဲ့စကားမှာပင် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့ ၉၀ ရွေးကောက်ပွဲရလဒ်ပါတီကို ဖျက်လိုက်သလိုဖြစ်တယ်၊ အဲဒါကို ကာကွယ်တဲ့နည်းနဲ့ လူထုနဲ့အတူ လှုပ်ရှားမှုတွေလုပ်မယ်၊ ၂၀၁၀ မတိုင်ခင် လှုပ်ရှားမှုကြီးတွေ ဖြစ်အောင်လုပ်မယ်၊ အခြေနေမရလို့ ၂၀၁၀ ဖြစ်သွားရင်လဲ စစ်အစိုးရရဲ့ လိမ်ညာထားတဲ့ အရပ်သားတပိုင်းအစိုးရရဲ့ကျနော်တို့ကို ဖိနှိပ်ထားတဲ့ ဖွဲ့စည်းပုံကို အကောင်ထည်ဖော်တဲ့ အစိုးရဖြစ်တဲ့အတွက် အာမခံချက်မရှိတာကို ထောက်ပြပြီး ဆက်လုပ်မဲ့ စီမံချက်တွေရှိပါတယ်” ဟု ဆက်လက်ပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်းရေးအတွင်း နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ “စက်တင်ဘာလှုပ်ရှားမှုက အင်မတန်မြန်ဆန်တဲ့အတွက် NLD၊ CRPP တို့ အဆင်သင့်ဖြစ်မှုနည်းသွားပြီး အဆင်သင့်မဖြစ်တဲ့အတွက် ဦးဆောင်နိုင်လိုက်ခြင်းမရှိဖြစ်သွားတယ်၊ ယနေ့အချိန်မှာ လှုပ်ရှားမှုပေါ်လာရင် သေသေချာချာ ဦးဆောင်နိုင်မယ်ထင်တယ်၊ အတွင်းအင်အားစုတွေက ဦးဆောင်တာဝန်ယူနိုင်အောင် ကျနော်တို့က ပံ့ပိုးကူညီ စည်းရုံးလှုံဆော်မှုတွေကို ဟန်ချက်ညီညီ လုပ်ကိုင်သွားမှာဖြစ်တယ်၊ လှုပ်ရှားမှုအမြင့်ဆုံးအချိန်မှာ ကြားဖြတ်အစိုးရဖွဲ့နိုင်အောင် ဆောင်ရွက်သွားဖို့အထိ ကူညီဝန်းရံ သွားပေးမယ်” ဟု ဆက်လက်ပြောဆိုသည်။

No comments:

Post a Comment