မြို့ပြဝေဒနာ
ကမ္ဘာဦးရဲ့ နေ့လိုပဲ
အရိုင်းဆန် အရိုးခံ ဖွဲ့တေးသီ
ဝေးကွာမှုရဲ့ အတွင်းဆီမှာ
တယောက်ရဲ့ဒဏ်ရာ
အပြစ်အနာအဆာများကို
တယောက်က
ချစ်ခြင်းနဲ့ လွှမ်းခြုံ
ဒီကမ္ဘာမှာ လုံခြုံမယ်ထင်ခဲ့ကြ ………။
တယ်လီဖုန်းခွက်ထဲက
လျှံထွက်လာတဲ့ အသံဟာ
ဗုံးတလုံးလို ဝုန်းကနဲပေါက်ကွဲ
စိမ်းကားသော မီးတောက်မီးလျှံများကြားထဲ
စိမ်းလန်းသောစကားများ လောင်ကျွမ်းပျက်သုဉ်း
ကြေကွဲခြင်းရာသီတွေရဲ့ အခင်းအကျင်းအဆုံးမှာ
တမ်းတခြင်းက အာသာငမ်းငမ်း ……။
အတိတ် ပစ္စုပ္ပန် အနာဂတ်
ဘယ်အရပ်မှာ ငါရပ်ရမလဲ
ကာလယန္တရားကြီးရဲ့  ဝါးမျိုမှုထဲ
ဘဝက တစ … တစ
ကျိုးပဲ့ ကြေမွ
ကံဇာတ်ဆရာအလိုကျတော့ မဟုတ်ခဲ့ဘူး …..။
တရွေ့ရွေ့ ဆုတ်ခွါသွားတဲ့
နွေနှောင်းရက်များရဲ့ နေရာမှာ
ဆောင်းမျှော်ရက်များ အစားထိုးဝင်လာကြပြီ
မြို့ပြရဲ့ ဆောင်းခိုငှက်တွေမှာတော့
အသိုက်အမြုံကို စွန့်ခွာခဲ့ကြပေါ့ …..။
× × × × ×
ရဲရင့်သက်ဇွဲ
(နိုဝင်ဘာ ၃ ၊ ၂၀၀၉)
No comments:
Post a Comment