ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 20, 2010

လူထုဦးလှ ရာပြည့်အခမ်းအနား ကျင်းပ

ဖြိုးကြီး

မြန်မာ့သတင်းစာဆရာကြီး လူထုဦးလှ ရာပြည့်အခမ်းနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယမန့်နေ့ ညဦးပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စာရေးဆရာ ဂါမဏီ၊ ကဗျာဆရာ စိုးနေလင်း အစရှိသည့် စာပေအနုပညာရှင်များက လူထုဦးလှ အမှတ်တရာ ကဗျာစာပေများ ရွတ်ဆိုဂုဏ်ပြုခဲ့ကြသည်။

ထို့နောက် သတင်းစာဆရာကြီး လူထုဦးလှ၏ ဘဝဖြစ်စဉ် နှင့် သတင်းစာဆရာဘဝ ဖြတ်သန်းခဲ့ပုံများကို ကဗျာဆရာ ကမာပုလဲက ဖတ်ကြားခဲ့သည်။


အခမ်းအနားသို့ သတင်းစာနယ်ဇင်းနှင့် စာပေအနုပညာ အသိုင်းအဝိုင်းမှ ဧည့်သည်တော် ၅၀ ခန့် တက်ရောက် ခဲ့ကြသည်။

ဆရာကြီး လူထုဦးလှသည် မြန်မာလွတ်လပ်ရေးအတွက် လူထုဘက်မှ ရပ်တည်ကာ ကလောင်စွမ်းဖြင့် ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဦးဖြစ်ပြီး နယ်ချဲ့ကိုလိုနီခေတ်မှစ၍ လွတ်လပ်ရေးရပြီးနောက်ပိုင်း (မဆလ)အစိုးရလက်ထက်အထိ ၅ ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

ဆရာကြီး လူထုဦးလှသည် ၁၉၃၂ ခုနှစ်မှ စတင်၍ ကြီးပွားရေးမဂ္ဂဇင်းတွင် စာပေများရေးသားခဲ့ပြီး လူထုဂျာနယ်၊ လူထုသတင်းစာများကို ၁၉၄၅၊ ၁၉၄၆ ခုနှစ်များတွင် စတင်ထုတ်ဝေခဲ့ကာ လူထုဦးလှ ကလောင်အမည်ဖြင့် စာပေမြောက်များစွာကို ရေးသားခဲ့သည်။

၁၉၅၇ ခုနှစ်တွင် ထောင်နှင့်လူသား ဝတ္တုဖြင့် စာပေဗိမာန် စာပဒေသာဆု၊ လှောင်ချိုင်အတွင်းမှ ငှက်ငယ်များဖြင့် ယူနက်စကို စီးပွားရေး လူမှုရေးဆိုင်ရာဆုကို ၁၉၅၈ ခုနှစ်တွင်၎င်း၊ ၁၉၆၃ ခုနှစ်တွင် ရခိုင်ကျေးလက်ပုံပြင်များဖြင့် စာပေဗိမာန် အနုပညာစာပေဆုတွင် ကလေးသူငယ်ဆိုင်ရာ ဒုတိယဆုများ ရရှိခဲ့သည်။

လူထုဦးလှကို ၁၉၁၀ ခုနှစ်တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းရွာတွင် အဘ ဦးပု၊ အမိ ဒေါ်ခိုင်တို့က မွေးဖွားခဲ့ပြီး မွေးချင်း ၃ ဦးတွင် အငယ်ဆုံးဖြစ်ကာ ၁၉၈၂ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့တွင် မန္တလေးမြို့တွင် ကွယ်လွန်ခဲ့သည်။

ဆရာကြီး လူထုဦးလှ ရာပြည့်အခမ်းအနားကို မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေးမြို့များတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး စစ်အစိုးရအာဏာပိုင်များက စောင့်ကြည့်မှုများလည်း ရှိခဲ့သည်။

No comments:

Post a Comment