ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Feb 4, 2010

ကြံ့ဖွံ့ဦးဆောင်၍ လူထုစည်းရုံးမှုများ လုပ်ဆောင်နေ

ဖြိုးကြီး

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကြံ့ဖွံ့အဖွဲ့က လမ်းပြင်ခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများကို လိုက်လံလုပ်ဆောင်နေလျှက်ရှိသည်။

တောင်ဒဂုံမြို့နယ်အတွင်း ယခုရက်ပိုင်းတွင် ကြံ့ဖွံ့အသင်းက ဦးဆောင်၍ ဆိုင်းဘုတ်များထောင်ပြီး လမ်းပြင်၊ လမ်းခင်းခြင်းများကို လုပ်ဆောင်နေကြောင်း မြို့ခံတဦးက ပြောသည်။

“သူတို့ လမ်းခင်းတဲ့ လမ်းထိပ်မှာ ဆိုင်းဘုတ်သဘောမျိုး ပိတ်ကန့်လန်ကာပေါ်မှာ သူတို့ရဲ့ တံဆိပ်အစိမ်းတွေနဲ့ စာရေးထားတယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးမှ ဦးစီးပြီး အများပြည်သူကောင်းကျိုးအတွက် လမ်းခင်းပေးနေပါသည် ဆိုပြီးရေးထားတာ” ဟု ပြောသည်။

ထို့အပြင် ပျော်ပွဲရွှင်ပွဲများကိုလည်း မကြာခဏ လုပ်ပေးနေလျှက်ရှိပြီး ယခင်ကကဲ့သို့ လုံခြုံရေးများ တင်းကြပ်ထားမှု မရှိတော့ကြောင်း ၎င်းကဆက်ပြောသည်။

“စတိတ်ရှိုးလို ဆူဆူညံညံပွဲတွေ လုပ်ခွင့်ပြုတဲ့အချိန်မှာတောင် အစောင့်တွေဘာတွေမထားဘူး၊ စက်တင်ဘာဖြစ်ပြီးတုန်းက လူစု စုနေတာတောင်ခွင့်ပြုတာမဟုတ်ဘူး” ဟု မြို့ခံက ဆက်ပြောသည်။

အစိုးရအာဏာပိုင်များအနေဖြင့် ပွဲလမ်းသဘင်များနှင့် တရားပွဲများ ကျင်းပခွင့် ပါမစ်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားလျှက်ရှိပြီး ယခုကဲ့အခါ ၎င်းအာဏာပိုင်များကိုယ်တိုင် ပွဲလမ်းသဘင်များပြုလုပ်လာနေသည်ဟု ပြောသည်။

“အရင်က ပါမစ်လုပ်ရင်တောင်ရတာမဟုတ်ဘူး၊ သူတို့တွေ အခုလိုထပြီးလုပ်လာတာ ၂၀၁၀ အတွက် လူတွေကို အာရုံပြောင်းနေတာလားမသိဘူး” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲနီးလာသည့်အချိန်တွင် ဝန်းထမ်းများကို လခများတိုးပေးခြင်း၊ ၎င်းတို့လက်အောက်ခံ ကြံ့ဖွံ့၊ စွမ်းအားရှင်များမှတဆင့် လူမှုရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လာလျှက်ရှိပြီး ဝန်ကြီး ဦးဌေးဦး၊ ဦးအောင်သောင်းတို့ကိုယ်တိုင် မြန်မာပြည်အနှံ့လိုက်လံကာ လူထုစည်းရုံးမှုများ လုပ်ကိုင်နေလျှက်ရှိသည်။

No comments:

Post a Comment