ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 2, 2009

တောင်သူပိုင် လယ်မြေကိုသိမ်းပြီး အဆောက်အဦးဆောက်လုပ်သဖြင့် လယ်ပိုင်ရှင်က မကျေမနပ်ဖြစ်နေ

ဗထူး

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် သုံးဆယ်ဆည်ဆောက်လုပ်ရေးဝန်ထမ်းများ နေထိုင်ရန်အတွက် တောင်သူပိုင်လယ်မြေကို ဆည်ဆောက်လုပ်ရေး တာဝန်ရှိသူများက သိမ်းယူလိုက်ခြင်းကို အထက်အာဏာပိုင်များသို့ တိုင်တန်းခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

သုံးဆယ်အရှေ့ဘက် ကြို့ကုန်းရွာမှ တောင်သူ ကိုဝင်းဌေးပိုင်ဆိုင်သည့် လယ် (၂) ဧကကို တည်ဆောက်ရေး (၉) က ယခု နှစ်ဆန်းပိုင်းတွင် ခြံခတ်သိမ်းယူပြီး ဝန်ထမ်းများနေထိုင်ရန် အဆောက်အဦးများ ဆောက်လုပ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတောင်သူတဦးက ပြောသည်။

“သုံးဆယ်ဆည်ကို တည်ဆောက်ရေး (၉) က တာဝန်ယူဆောက်တာ၊ အဲဒီမှာက ဆည်ရေလွှတ်မယ့် မြောင်းတွေဖောက်တာကတော့ တမြို့နယ်လုံးက လယ်တွေကို ဖြတ်ဖောက်တာ၊ ဒါပေမဲ့ အဲဒီက ဝန်ထမ်းတွေနေဖို့ အဆောက်အဦး ဆောက်လိုက်တာက ကိုဝင်းဌေးရဲ့လယ်မြေကို သိမ်းပြီးဆောက်လိုက်တာ၊ အဲဒါကို ရယက၊ မယကတွေကို တိုင်တော့လည်း သူတို့လဲ ဘာမှမတတ်နိုင်ဘူးလို့ ပြောတယ်” ဟု ဒေသခံ တောင်သူတဦးက ပြောသည်။

ယင်းကဲ့သို့ သိမ်းယူခံလိုက်ရသည့် လယ်မြေသည် ကာလပေါက်ဈေး သိန်း (၂၀) ခန့် တန်ဖိုးရှိပြီး ယခုနှစ်စပါးပေါ်ပြီးချိန်မှာ သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း အဆိုပါတောင်သူက ဆက်ပြောသည်။

သာယာဝတီမြို့နယ်အတွင်း သုံးဆယ်ဆည်မှ ရေလွှတ်မြောင်း (၁၀၀) ကျော် တူးလိုက်သည်ကို ဒေသခံများက တစုံတရာ ပြောဆိုခြင်းမရှိသော်လည်း ယခုကဲ့သို့ စိုက်ပျိုးရေးလုပ်နေသည့် လယ်ကို သိမ်းယူ၍ အဆောက်အဦးဆောက်လုပ်ခြင်းကို မကျေနပ်ကြကြောင်း ဒေသခံက ပြောသည်။

“သူတို့ မြောင်းတွေဖောက်ဖို့ တမြို့လုံးနီးပါး လယ်တွေကိုဖြတ်ပြီး မြောင်းတူးတာ ဘာမှမပြောကြပါဘူး၊ ဒါပေမဲ့ အခုဟာက လယ်ကိုသိမ်းလိုက်ပြီး အဲလိုတွေဆောက်လိုက်တာတော့ ကိုဝင်းဌေးလဲ တော်တော်မကျေမနပ်ဖြစ်နေတယ်၊ မယက ကလဲ သွားပြောပြတော့ ခေါင်းပဲငြိမ့်နေတာ၊ သူတို့လဲ မကူညီနိုင်ကြောင်းပဲ ပြောတယ်” ဟု ပြောသည်။

အဆိုပါ သုံးဆယ်ဆည်ဆောက်လုပ်ရေးတွင် ပုဂ္ဂလိကကုမ္ပဏီများလည်း ပါဝင်ပြီး ယင်းကဲသို့ လယ်မြေကို သိမ်းခြင်းမှာ မှန်ကန်ကြောင်း တည်ဆောက်ရေး (၉) မှ တာဝန်ရှိသူ အေအီး(AE) ဦးစိန်ကြည်က အတည်ပြုပြောသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ယခုကဲ့သို့ လယ်မြေသိမ်းဆည်းမှုများ မကြာခဏ ဖြစ်ပွားနေလျှက်ရှိပြီး လယ်ပိုင်ရှင်များက သက်ဆိုင်ရာ အာဏာပိုင်များထံသို့ တိုင်တန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း လျှော်ကြေးပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ အလွန်နည်းပါးလျှက်ရှိသည်။

No comments:

Post a Comment