ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 3, 2009

အလုပ်သမားများ နစ်နာကြေးရရှိရန် ထိုင်းတရားရုံးသို့ တင်ပြတောင်းဆိုရန် ပြင်ဆင်နေ

ဖြိုးကြီး

စက်ရုံပိုင်ရှင်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်လိုက်သည့်အတွက် အလုပ်သမားများ မကျေမနပ်ဖြစ်ကာ နစ်နာကြေးနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရန်အတွက် ထိုင်းတရားရုံးသို့တိုင်ရန် ပြင်ဆင်နေလျှက်ရှိသည်။

မဲဆောက်မြို့၊ ကပ်ဘီဘန်းရပ်ကွက်ရှိ ထိုင်ဝမ်လူမျိုးပိုင်ဆိုင်သည့် ဟိုင်းအပ်(Hyatt)စက်ရုံတွင် ယနေ့နံနက်ပိုင်းက လုပ်ဆင်းချိန်အထိ တံခါးဖွင့်ပေးခြင်းမရှိဘဲ စက်ရုံပိတ်လိုက်ကြောင်း ကြေညာစာကပ်လိုက်သဖြင့် အလုပ်သမား ၂၁၀ ခန့် အလုပ်လက်မဲ့ ဖြစ်သွားပြီး ၎င်းတို့နစ်နာဆုံးရှုံးမှုအတွက် တရားရုံးသို့ တိုင်မည်ဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။

“ကျနော်တို့ စက်ရုံမှာ စာချုပ်ထားတာရှိတယ်။ ကျနော်တို့လိုက်နာရမဲ့ စည်းကမ်းတွေ၊ သူဌေးလိုက်နာရမဲ့ စည်းကမ်းတွေ အကုန်ပါတယ်၊ အဲဒီအတိုင်း တနှစ်ကျင့်သုံးမယ်ဆိုပြီး သဘောတူထားတာ၊ အခုက ခုနှစ်လပဲ ရှိသေးတယ်၊ တနေ့ကို လုပ်အားခ ၁၅၁ ဘတ် ပေးမယ်ဆိုတာပါတယ်၊ အလုပ်ချိန်က (၈) နာရီ သတ်မှတ်ထားတယ်၊ ဒီမနက် (၈) နာရီခွဲမှာ ဆဝါဒီကန်ရုံးက အတွင်းရေးမှူး၊ စကားပြန်နဲ့ စာရေးမတယောက် လာသွားတယ်၊ ဒီရက်ပိုင်းမှာ သူဌေးကို သူတို့ရုံးမှာ အမှုတိုင်ချင်လဲ တိုင်လို့ မှာသွားတယ်” ဟု အလုပ်သမားတဦးက ပြောသည်။

စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများကြား နားလည်မှုစာချုပ်ကို ချုပ်ဆိုထားပြီး ယခုကဲ့သို့ စာချိုးဖောက်လိုက်ခြင်းအတွက် အလုပ်သမားများအနေဖြင့် ထိုင်းအလုပ်သမားဥပဒေအတိုင်း ရပိုင်ခွင့်များကို အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်တောင်းဆိုသွားမည်ဟု ပြောသည်။

“ကျမဆိုရင် ဒီစက်ရုံမှာလုပ်လာတာ (၇) နှစ်ကျော်ပြီ၊ အခုလို ရုတ်တရက် စက်ရုံပိတ်လိုက်တော့ တော်တော်လည်း ဝမ်းနည်းတယ်၊ ဒီနေ့မနက်ကျတော့ စာကပ်လိုက်တာ၊ သတိပေးကြေညာချက်ပုံစံမျိုး၊ စက်ရုံစီးပွားရေးဆုံးရှုံးတယ်၊ အော်ဒါမှာလို့လဲ မရတော့လို့ စက်ရုံကို ရပ်ဆိုင်းလိုက်တယ်၊ အလုပ်သမားတွေရမဲ့ ပြီးခဲ့တဲ့လအတွက် လုပ်အားခကို (၇) ရက်နေ့ လာထုတ်လို့ပဲ သိရတယ်” ဟု အလုပ်သမတဦးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများအရေး လိုက်လံကူညီပေးသည့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရုံးတာဝန်ခံ ကိုဇော်မျိုးက “ရောင်ခြည်ဦးအနေဖြင့် အလုပ်သမားတွေ ဆဝါဒီကန်လူကြီးတွေ စက်ရုံသူဌေးနဲ့ အားလုံးအဆင်ပြေအောင် အရင်ဆုံး ညှိနှိုင်းမယ်၊ သူတို့လက်မှတ်ထိုးထားတဲ့ စာချုပ်အတိုင်း ဆွေနွေးမယ်၊ အဲဒါကိုမှ လက်မခံဘူးဆိုရင်တော့ နစ်နာကြေးတွေပေးဖို့ သင်္ကြန်ပြီးတာနဲ့ တရားရုံးကို တင်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်း စက်ရုံအလုပ်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး ယခုနှစ်အတွင်း ပိတ်လိုက်ရသည့် စက်ရုံ ၁၀ ခုခန့်ရှိကာ မြန်မာအလုပ်သမား ၃၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေရသည်ဟု ဆက်လက်ပြောသည်။

“ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မဲဆောက်ဒေသတွင်းမှာရှိတဲ့ စက်ရုံအလုပ်သမားတွေ နောက်ထပ် အခြေအနေတွေ ပိုဆိုးလာဖို့ပဲ ရှိပါတယ်၊ စက်ရုံးကြီးတွေတောင် အလုပ်ကို မှေးလုပ်နေရတာ၊ ဆိုနီစက်ရုံဆို အလုပ်သမားတွေကို ဘတ် ၅၀၀၀ စီ လျှော်ကြေးပေးပြီး ပိတ်လိုက်ရပြီ၊ ကျန်တဲ့ တီကေကြီး၊ တီကေလေး၊ ဟန်ထိုင်း အစရှိတဲ့ စက်ရုံကြီးတွေမှာလဲ အလုပ်က ဘာမှမရှိတော့ဘူး” ဟု အလုပ်သမားများအခြေအနေကို ကိုမျိုးဇော်က သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment