ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 22, 2009

ဒေသအာဏာပိုင်များက ထားဝယ်လူငယ်များကို ပြည်သူ့စစ်သင်တန်းများ အတင်းတက်ခိုင်းပြီး ရွာသားများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေ

ဉာဏ်မောင်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာများမှ လူငယ်များကို ပြည်သူ့စစ်သင်တန်းတက်ရန် ခေါ်ယူနေပြီး သင်တန်းကုန်ကျစရိတ်အတွက် ရွာသားများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေလျှက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ လကုန်ပိုင်းလောက်မှစတင်၍ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာမှ တရွာလျှင် ရွာသား ၄ ဦးစီ ခေါ်ယူကာ ထားဝယ်မြို့ပေါ်တွင် သင်တန်းခိုင်းပြီး ၎င်းတို့ကုန်ကျစရိတ်အတွက် တအိမ်ထောင်လျှင် ကျပ် ၁,၅၀၀ နှုန်းကောက်ခံနေကြောင်း ဒေသခံအမျိုးသမီးတဦးက ပြောသည်။

“တရွာကို ၄ ယောက် မတက်မနေရခေါ်တာ၊ သရက်ချောင်းရဲတပ်ဖွဲ့နဲ့ ရွာလူကြီးတွေက ခေါ်တာ၊ သူတို့ အတွက် သင်တန်းစရိတ်ဆိုပြီး ပိုက်ဆံကောက်တယ်၊ မထည့်လို့မရဘူး၊ မရှိလဲ ချေးငှားပြီးထည့်ရတယ်၊ သူတို့ သင်တန်းတက်ခိုင်းတာက ရွာမှာ တခုခုဖြစ်ရင် ကာကွယ်ဖို့ဆိုပြီး ပြောတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ပြည်သူ့စစ်သင်တန်း တက်ရောက်ခိုင်းသည့် ကျေးရွာများမှာ သဲချောင်းကြီး၊ ဝင်းကဖော်၊ ကျွဲခြံ၊ မယ်ကဲ၊ ဗျက်ဝိသား၊ အလယ်စု၊ ကျောက်အိုင်၊ တောင်ပျောက်နှင့် ရေပူကျေးရွာများဖြစ်ပြီး တရွာလျှင် အိမ်ခြေ ၁၀၀ ကျော်မှ ၃၀၀ ကျော်အထိရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အခုလောလောဆယ်တော့ သင်တန်းတက်တာ တသုတ်ပြီးသွားပြီး နောက်ထပ် တက်ဖို့ခေါ်နေတာရှိတယ်၊ သူတို့ကို သင်တန်းပေးတာက သရက်ချောင်းမြို့နယ်အခြေစိုက်တပ် ခမရ (၄၀၅) က စစ်သားတွေရယ်၊ ထားဝယ်မြို့ပေါ်က နယ်မြေခံတပ်က စစ်သားတွေ အလှည့်ကျသင်တန်းပေးတာ” ဟု ဒေသခံက ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ၂၀၁၀ ရွေးကောက်ပွဲနီးလာသည့်အချိန်တွင် တိုင်းရင်းသားဒေသများတွင် လူငယ်များကို ပြည်သူ့စစ်သင်တန်းများ အတင်းအကြပ် တက်ခိုင်းခြင်းများ ပြုလုပ်နေလျှက်ရှိပြီး မကြာသေးခင်ကလည်း ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်းနှင့် မန်တုံမြို့နယ်များမှ ပလောင်လူငယ်များကို ပြည်သူ့စစ်သင်တန်းများ အတင်းတက်ခိုင်းခြင်းများ ရှိခဲ့သည်။

No comments:

Post a Comment