ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 22, 2009

မုန်းတိုင်းအခြေအနေ ထူးခြားမှုမရှိသေးသည့်အတွက် ဒေသခံများနေရပ်ရင်းသို့ ပြန်နေကြ

ရိုးမ ၃

ပင်လယ်ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းဝင်ရောက်မည့် သတင်းကြောင့် ဒေသခံများ ဘေးကင်းရာသို့ ပြောင်းရွှေ့နေကြသော်လည်း ယခုချိန်ထိ တစုံတရာ ထူးခြားမှုမရှိသည့်အတွက် အချို့မှာ နေရပ်ရင်းသို့ ပြန်နေကြသည်။

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ်၊ ပြင်ခရိုင်ဘက်ရှိ ကျေးရွာများမှ ဒေသခံများသည် ၎င်းတို့နေရပ်ရင်းသို့ ပြန်သွားနေလျှက်ရှိကြောင်း ဒေသခံဘုန်းကြီးတပါးက မိန့်ကြားသည်။

“ဒေသခံတွေက ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးတွေဆီ ပြောင်းရွှေ့နေကြတာ ရှိတယ်၊ ဘုန်းကြီးကျောင်းမှာ မနေ့ကတည်းက လာနေတာတွေရှိတယ်၊ (ရယက)တွေက ကမ်းနဲ့နီးတဲ့ နေရာတွေမှာ အိမ်ထောင်ဦးစီးတွေပဲနေပြီး ကလေးတွေ၊ မိသားစုတွေကို ဘေးကင်းရာမှာ နေဖို့ ပြောထားတာ၊ အခုချိန်ထိတော့ ဘာမှမဖြစ်ဘူး၊ တချို့ ပြန်တဲ့သူတွေလဲ ပြန်ကုန်ကြပြီ၊” ဟု မိန့်ကြားသည်။

နာဂစ်မုန်တိုင်း ပြီးကတည်းက အချို့ဘုန်းကြီးကျောင်းများမှာ ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိသေးသည့်အတွက် သဘာဝဘေးအန္တရယ် ကျရောက်လာလျှင် ခိုနားရန် အဆောက်အဦးများ အဆင်သင့်ရှိသင့်ကြောင်း အဆိုပါဘုန်းကြီးက ဆက်လက်မိန့်ကြားသည်။

“ဦးဇင်းအနေနဲ့ ထင်တာကတော့ နေရာတိုင်း ဒေသတိုင်းမှာ သဘာဝဘေးအန္တရယ်ကျရောက်ရင် ခိုးနားဖို့ အဆောက်အဦးလေးတွေရှိရင်တော့ ကောင်းမယ်လို့ ထင်တယ်၊ တချို့ကျောင်းတွေဆို ဘုန်းကြီးတောင် နေစရာမရှိတော့ ဘယ်လိုလုပ်မလဲ” ဟု မိန့်သည်။

ထို့အပြင် ဘိုကလေးအောက်ဘက် ပင်လယ်ဝကျေးရွာများဖြစ်သည့် ဂဠုန်၊ ဧရာဘက်တွင် ရွက်ဖောင်သင်္ဘောများနှင့် ငါးဖမ်းသင်္ဘောများကို ပြန်တက်ရန်အတွက် ရေတပ်က လိုက်လံသတိပေးနေလျှက်ရှိသည်။

“လောလေဆယ်မှာ ရာသီဥတုကတော့ သိပ်မထူးဘူး၊ မိုးအုံ့တာပဲရှိတယ်၊ မိုးလဲမရွာဘူး၊ တီဗွီက ကြေညာတာကို ကြည့်ပြီး လူတွေက ကြောက်နေကြတာပေါ့၊ ဧရာဘက်မှာတော့ ရွက်ဖောင်သင်္ဘောတွေကို ရေတပ်က ပြန်တက်ခိုင်းလို့ ပြန်တက်နေကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင်မူ ရာသီဥတုအခြေအနေ တစုံတရာ ထူးခြားမှုမရှိသေးသော်လည်း ဒေသခံများအနေဖြင့် ထိတ်လန့်မှုများရှိနေသည်ဟု စစ်တွေမြို့ခံတဦးက ပြောသည်။

“ရခိုင်မှာ အခုထိတော့ ဘာမှမဖြစ်သေးဘူး၊ အေးဆေးပါပဲ၊ မုန်တိုင်းမဝင်ဘူး၊ နေလဲသာနေတယ်၊ အာဏာပိုင်တွေက မုန်တိုင်းသတင်းတော့ ကြေညာထားတယ်၊ လူတွေကတော့ နည်းနည်းထိတ်လန့်နေတာတော့ ရှိတယ်” ဟု ပြောသည်။

စစ်အစိုးရပိုင် မီဒီယာများမှ ဘစ်ဂျလီ(Bijli) မုန်တိုင်းသတင်း ကြေညာခဲ့ပြီးနောက်ပိုင်း ပင်လယ်ကန်းရိုးတန်းဒေသများမှ ပြည်သူလူထုအနေဖြင့် ပြီးခဲ့သည့်နှစ်က ကျရောက်ခဲ့သည့် နာဂစ်မုန်တိုင်းကဲ့သို့ ထပ်မံဖြစ်လာမည်ကို စိုးရိမ်နေလျှက်ရှိသည်။

အာဏာပိုင်များ၏ မိုးလေဝသသတင်း ကြိုတင်အသိပေးမှု မရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ် မေလ (၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်း တစ်သိန်းကျော်သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း သိန်းချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

No comments:

Post a Comment