ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 2, 2009

နာဂစ်နှစ်ပတ်လည်နေ့ သေဆုံးသူများအတွက် ဧရာဝတီတိုင်း၊ ပြင်ခရိုင်တွင် အလှူဒါနပြုလုပ်

ဗထူး

ယနေ့ကျရောက်ခဲ့သည့် နာဂစ်နှစ်ပတ်လည်နေ့တွင် မုန်တိုင်းကာလအတွင်း သေဆုံးသွားသူများအတွက် ရည်စူးကာ ဧရာဝတီတိုင်း၊ ပြင်ခရိုင်ရှိ ကျေးရွာနှစ်ရွာတွင် အလှူဒါနပြုဆုတောင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

ယနေ့ မေလ (၂) ရက်နေ့တွင် ပြင်ခရိုင်၊ မြောက်ကျောင်းဆရာတော်ဦးစီးကာ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲများဖြစ်သည့် စက်ဆိပ်ကျေးရွာနှင့် သမက်ဖြူကျေးရွာများတွင် အလှူဒါနပြု မေတ္တာပို့ အမျှတမ်းဝေသည့် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


နာဂစ်တနှစ်ပြည့် ဓါတ်ပုံ

တနှစ်ပြည့် နာဂစ်ဒုက္ခသည်များ၏ နေထိုင်မှုမြင်ကွင်း (Photo: AP)
အဆိုပါအလှူဒါနပြုခြင်းအား ရေယာဉ်ပိုင်ရှင်သုံးဦးမှ တဦးလျှင် ကျပ်ငွေငါးသိန်းစီ ကမကထပြု ထည့်ဝင်ကာ သေဆုံးသွားသူများ၏ မိသားစုဝင်များက တတ်နိုင်သမျှ ထည့်ဝင်လှူဒါန်းမှုပြုခဲ့ကြသည်။

“ဦးလှိုင်ဟုတ်၊ တက်နေမင်းထွန်း၊ တက်နေ၀င်းထွန်း ရေယာဉ်ပိုင်ရှင်တွေက ငါးသိန်းစီလှူတယ်၊ အဲဒီနှစ်နေရာလေးကိုပေါ့နော်၊ ရပ်ကွက်ကိုလှူလိုက်တဲ့အခါ ရပ်ကွက်လူကြီးတွေက တာဝန်ယူပြီး ဘုန်းကြီးတွေကိုပင့်ပြီး လှူတဲ့ အစီအစဉ်လေးလုပ်ပါတယ်၊ သေဆုံးသွားတဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေရော အားလုံးစုပေါင်းပြီး လုပ်ကြတာပါ၊ အလှူရှင်တွေကတော့ မတည်ငွေပေါ့နော်၊ ကျန်တဲ့ ဆွေမျိုးညီကိုမောင်နှမတွေကလည်း စွမ်းနိုင်သလောက် ၀ိုင်းဝန်းပြီးတော့ သံဃာတွေ ကိုလှူဒါန်းပါတယ်” ဟု သမက်ဖြူကျေးရွာဆုတောင်းပွဲသို့ ရောက်ရှိနေသည့် ပြင်ခရိုင်မြောက်ကျောင်းဆရာတော်က မိန့်ဆိုသည်။

ပြီးခဲ့သည့်နှစ် မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စက်ဆိပ်ကျေးရွာတွင် လူဦးရေ ၈၀ ကျော်ခန့်သေဆုံးခဲ့ပြီး သမက်ဖြူကျေးရွာတွင် ၉၀ ကျော်ခန့်သေဆုံးခဲ့သည်ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ပြီးခဲ့သည့်နှစ်က တိုက်ခတ်သွားခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဆွေမျိုးသားချင်း ၁၇ ဦးသေဆုံးခဲ့ရသည့် သမက်ဖြူကျေးရွာသားတဦးက ယနေ့ပြုလုပ်သည့် အလှူဒါနနှင့်ပတ်သက်၍ “စိတ်ခံစားမှုပုံစံကတော့ဗျာ ဘယ်လိုခံစားနေရလဲဆိုတော့ အိမ်မက်လိုလို ခံစားပြီး လုပ်နေရပါတယ်၊ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတာဆိုတော့ အဖြစ်အပျက်က ဇဝေဇ၀ါလိုလို အိမ်မက်လိုလိုကို ဖြစ်နေတာပဲ၊ ကျနော်ကိုယ်နှိုက်က ကျနော်အိမ် မီးဖိုချောင်လေး ကျန်ခဲ့လို့ ကျနော်ကျန်ခဲ့ရတာပါ၊ ကျနော့်မိသားစုက မပါသွားခဲ့ဘူး၊ ကျနော့်မိန်းမဆို ကုက္ကိုပင်မှာ ကျန်ခဲ့တာ၊ ကလေးက ပုသိမ်မှာမို့ ကျန်ခဲ့တာ၊ ဒီနေ့ကောင်းမှုကုသိုလ် လုပ်လိုက်ရတဲ့အခါကျတော့ တော်တော်လေး ၀မ်းပမ်းတသာဖြစ်ရတယ်၊ ကြည်လည်းကြည်နူးမိတယ်” ဟု ပြောသည်။

အဆိုပါကျေးရွာများသည် လပွတ္တာခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲတွင် ပါဝင်ကာ ဆားလုပ်ငန်းအား အဓိကထားလုပ်ကိုင်သည့် ကျေးရွာများဖြစ်ပြီး စစ်အစိုးရ၏ သထ္ထုတွင်းဝန်ကြီးဌာနအောက်ရှိ ဆားလုပ်ငန်းလုပ်ကွက်နေရာဖြစ်ရာ ယခုအခါ လုပ်ငန်း ၇၀ ရာနှုန်းခန့် ပြန်လည် လည်ပတ်လုပ်ကိုင်နေပြီဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည်များကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိရာ အဆိုပါဒေသနှင့်ပတ်သက်၍ ပြင်ခရိုင် မြောက်ကျောင်းဆရာတော်က “ဆောက်လုပ်ရေးကတော့ ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူထားပါတယ်၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေကတော့ (Safe the Children) အဖွဲ့က ပြင်ခရိုင်မှာ တာဝန်ယူပံ့ပိုးနေတဲ့အတွက်ကြောင့် အနည်းငယ်တော့ အဆင်ပြေနေပါတယ်၊ သမက်ဖြူဆိုတဲ့နေရာကတော့ သထ္ထုတွင်းဝန်ကြီးဌာနလက်အောက်က ဆားလုပ်ငန်းကပိုင်ဆိုင်တဲ့ နေရာဖြစ်နေတော့ ၀န်ကြီးဌာနပံ့ပိုးမှု ရတယ်၊ ဆားလုပ်ငန်းရှင်တွေကိုလည်း ပံ့ပိုးမှုပေးတဲ့အခါကျတော့ လုပ်ငန်းလေးတွေတော့ အပြည်အ၀မဟုတ်ပေမဲ့ (၇၀) ရာနှုန်းလောက် ပြန်လုပ်နိုင်နေပါတယ်” ဟု မိန့်သည်။

နိုင်ငံတကာအဖွဲ့အစည်းများမှ လှူဒါန်ထားသည့် တာပေါ်လင်ရွက်ဖျင်တဲအမိုးများ လွတ်သည့်နေရာ မရှိသလောက်ဖြစ်နေသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ အတိုင်းအတာတခုအထိ ပြီးဆုံးနေပြီဟု ယူဆ၍မရကြောင်း၊ ကျောင်းသားဦးရေ ၆,၀၀၀ ခန့်ရှိသည့် ပြင်ခရိုင်အထက်တန်းကျောင်းမှာလည်း ရှိသည့်ကျောင်းသားဦးရေနှင့် အဆောက်အဦးအရေအတွက် မျှတမှုမရှိဖြစ်နေသေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဘာကိုမျှမလုပ်ရသေးသဖြင့် ပြင်ခရိုင်အတွက် အတိုင်းအတာတခုအထိ လိုအပ်ချက်ရှိနေကြောင်း ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ပြီးခဲ့သည့်နှစ် မေလ (၂) ရက်နေ့က မြန်မာနိုင်ငံတွင်း ၀င်ရောက်တိုက်ခတ်ခဲ့သော အင်အားပြင်းထန်သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လူအသေအပျောက် ၁၄၀,၀၀၀ ကျော်ရှိခဲ့ပြီး တနှစ်ပြည့်သည့်အချိန်အထိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

နာဂစ်တနှစ်ပြည့် ဆုတောင်းမေတ္တာပို့သမည့် အစီအစဉ်နှင့်ပတ်သက်၍ ပြင်ခရိုင်မြောက်ကျောင်းဆရာတော်က “ ပြင်ခရိုင်မြောက်ကျောင်းမှာရှိတဲ့ ဥာဏ်တော် ၅၄ ပေရှိတဲ့ ဘုရားမှာ မနေ့ကရော ဒီနေ့မနက်ရော အားလုံးစုပေါင်းပြီးတော့ ဆုတောင်းပွဲလုပ်တယ်၊ ဘုရားမှာ ဆီမီးပူဇော်တယ်၊ အမျှတမ်းဝေတယ်၊ မေတ္တာပို့တယ်၊ ဒီနေ့ညနေ ဘုန်းကြီးပြန်ရောက်တာနဲ့ ဆက်လုပ်ဖို့လည်း အစီအစဉ်ရှိတယ်၊ ပြီးခဲ့တဲ့ တန်ခူးလဆုတ် (၁၂) ရက်နေ့ကလည်း တခါ ဆုတောင်းပွဲလုပ်ခဲ့ပါတယ်” ဟု မိန့်ဆိုသွားခဲ့သည်။

No comments:

Post a Comment