ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 6, 2009

စစ်အစိုးရတပ်ပိုင် စစ်လက်နက်တိုက် အဖောက်ခံရ

ဉာဏ်မောင်

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ (၁၀၁) လက်အောက်ခံ ရေစကြိုမြို့နယ်တွင် အခြေစိုက်သည့် ခလရ (၂၅၆) တပ်ရင်းပိုင် စစ်လက်နက်တိုက်အား ယမန်နေ့ ညနေပိုင်းတွင် အဖောက်ခံခဲ့ရသည်။

အဆိုပါ စစ်လက်နက်တိုက်အဖောက်ခံရ၍ (MA-3) အမျိုးအစား လက်နက်ငယ်နှင့် ကျည်ဆံများ ပါသွားကြောင်း ခလရ (၂၅၆) တပ်ရင်းမိသားစုများနှင့်နီးစပ်သည့် ဒေသခံက ပြောသည်။


"လက်နက်တိုက်အဖောက်ခံရတာကို မနေ့က ညနေစောင်းလောက်မှာ တပ်ထဲက အရာရှိတွေ သိရတာ၊ အဲဒီမှာ (MA-3) ငါးလက်နဲ့ ကျည်ဆံကျည်ကပ်တွေ တော်တော်များများ ပါသွားတယ်၊ ကျည်ဆံက ၅၀၀၀ လောက်လို့ ပြောတာပဲ၊ ဒေသထဲမှာတော့ တော်တော်ကို စိုးရိမ်နေကြတာပေါ့။ ဒီလက်နက်တွေ ယူသွားတဲ့သူက ဘာလုပ်မယ်မှန်းမှမသိတာ" ဟု ပြောသည်။

အဆိုပါလက်နက်တိုက် အဖောက်ခံရမှုနှင့်ပတ်သက်၍ ခလရ (၂၅၆) တပ်ရင်းရုံး တာဝန်ကျအရာရှိက လက်နက်တိုက်အဖောက်ခံရခြင်းသည် ဟုတ်မှန်ကြောင်းနှင့် တရားခံကို ခုချိန်ထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့က ပခုက္ကူ-မုံရွာသွား အောင်ချမ်းသာကားဂိတ်တွင် ဖောက်ခွဲရေးပစ္စည်းများနဲ့အတူ ချင်းအမျိုးသား လူငယ်တဦးကို ပခုက္ကူဒေသခံ အာဏာပိုင်အဖွဲ့က ဖမ်းဆီးခဲ့သည့်သတင်း ထွက်ပေါ်ခဲ့သည်။ အဆိုပါ ဖောက်ခွဲရေးပစ္စည်းများသည် (ကပစ)ထုတ် စစ်တပ်သုံးယမ်းများဖြစ်ကြောင်း ရဲနှင့်နီးစပ်သည့် ဒေသခံများက ပြောသည်။

လက်နက်တိုက်အဖောက်ခံရခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်သို့ တိုင်းအဆင့်အာဏာပိုင်များ အခင်းဖြစ်ပွားသည့် ခလရ (၂၅၆) တပ်ရင်းတွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ရောက်ရှိနေကြောင်း သိရသည်။

No comments:

Post a Comment