ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 7, 2009

မဲဆောက်တွင် မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများပြုလုပ်

ရိုးမ ၃

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ပန်ထောင်းအထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားများက နစ်နာနေသည့် အလုပ်သမားအခွင့်အရေးများ ရရှိရန် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းက မဲဆောက်မြို့ရှိ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး(ဆဝါဒီကန်ရုံး)ရှေ့တွင် သွားရောက် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။



ဆန္ဒပြအလုပ်သမားများ

အလုပ်သမားများ ဆန္ဒပြနေစဉ်
ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုရခြင်းနှင့် ပတ်သက်၍ “ကျနော်တို့ ထိုင်းအလုပ်သမားဥပဒေအရ သတ်မှတ်ထားတဲ့ လုပ်အားခနဲ့ ကျနော်တို့နေထိုင်ရတဲ့ ကျန်းမာရေးအတွက် အထောက်အကူပေးဖို့နဲ့ သောက်ရေသုံးရေ လုံလောက်စွာ ပေးဖို့ ဆိုတဲ့ အချက်သုံးချက်ကို တောင်းဆိုတာဖြစ်တယ်” ဟု ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် မြန်မာအလုပ်သမားတဦးက ပြောသည်။

အဆိုပါ အလုပ်သမားအခွင့်အရေးများ ပေးရန်အတွက် ပြီးခဲ့သည့်လ (၂၁) ရက်နေ့ကတည်းက ဆဝါဒီကန်ရုံးသို့ သွားရောက်စာတင်ခဲ့ပြီး တင်ပြခဲ့ကြသော်လည်း ယနေ့အထိ တစုံတရာ လိုက်လျောခြင်းမရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ ပထမအကြိမ် ဧပြီလ (၈) ရက်နေ့ကတည်းက စာတင်ပြီး တောင်းဆိုထားတာကို အရာရှိက မရဘူးဆိုလို့ ပြန်ခဲ့ရပါတယ်၊ (၂၀) ရက်နေ့ကျတော့ တခါထပ်ပြီးလာတော့ အရာရှိအလုပ်မအားလို့ (၂၁) ရက်နေ့မှ တင်ခဲ့ရတယ်၊ နေ့လည်ပိုင်းမှာ အဲဒီအရာရှိက စက်ရုံကိုလာခဲ့ပြီး အမာခံ ၉ ယောက်နဲ့ စက်ရုံမန်နေဂျာတွေနဲ့ စကားပြောခဲ့ကြပါတယ်၊ ဒါပေမဲ့ အောင်မြင်မှုမရခဲ့ကြပါဘူး” ဟု ပြောသည်။

ထို့အပြင် မတ်လကတည်းက လုပ်အားခကိုလည်း ယနေ့အထိ ထုတ်ပေးခြင်းမရှိသည့်အပြင် သင်္ကြန်ကာလအတွင်းကလည်း သောက်သုံးရေဖြတ်တောက်မှုများ ပြုလုပ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ အလုပ်သမားများအခြေအနေနှင့် ပတ်သက်၍ “လစာထုတ်တာက လစဉ် (၁၀) ရက်နေ့မှာ ထုတ်တာ၊ အခုတော့ မတ်လကတည်းက လခကိုတောင် အခုထိ မထုတ်ပေးသေးဘူး၊ ကျနော်တို့ ဒီစက်ရုံမှာနေခဲ့တဲ့တလျှောက် ကျနော်တို့ နေ့ကြီးရက်ကြီးဖြစ်တဲ့ သင်္ကြန်ကာလမှာ ရေကို လုံးဝဖြတ်တောက်ခဲ့တယ်၊ အလုပ်ရှင်ကတော့ မနေ့က ည (၁၁) နာရီလောက်မှ ပြန်ရောက်လာတယ်၊ အခုထိတော့ ကျနော်တို့ကို ဘာမှတော့ မပြောသေးဘူး” ဟု ပြောသည်။

အဆိုပါ ပန်ထောင်းစက်ရုံတွင် မြန်မာအလုပ်သမားပေါင်း သုံးရာကျော်ရှိပြီး ဘတ်(အလုပ်သမားလက်မှတ်)ရှိသူ အမျိုးသမီး ၁၄၇ ဦးနှင့် အမျိုးသား ၆၂ ဦးရှိကြောင်း သိရသည်။

မကြာသေးခင်ကလည်း မဲဆောက်မြို့၊ ကပ်ဘီဘန်းရပ်ကွက်ရှိ ဟိုင်းအပ်(Hyatt) အထည်ချုပ်စက်ရုံတွင် အလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်လိုက်သည့်အတွက် အလုပ်သမားများက နစ်နာကြေးရရှိရန် ထိုင်းအလုပ်သမားအခွင့်ရေးကာကွယ်ရေးရုံးသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ထားသည်။

No comments:

Post a Comment