ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၈)
စောကျော်ကျော်မင်း
ကိုဖိုးဖြူအား အမှုအခြေအနေနှင့် ခုခံရေးလမ်းကြောင်းအပိုင်းကို အသေးစိတ် ရှင်းပြလိုက်သည်။ ထိုနေ့ ရုံးချိန်းတွင် ကိုဖိုးဖြူ ပြန်လှန်စစ်မေးလေသည်။
တရားရုံးစလျှင်စချင်း ကိုဖိုးဖြူသည် ရဲလက်စွဲဥပဒေအပိုဒ် (၁၃၈၂) အပိုဒ်ခွဲ (၂)နှင့် အပိုဒ်ခွဲ (၅)တို့ကို ကိုးကားလျက် ရုံးရှေ့ စွပ်စွဲခံရသူများကို လက်ထိပ်ခတ်ထားသည့်အတွက် လက်ထိပ်ဖြုတ်ပေးရန် တရားရုံးတော်ကို တင်ပြလျှောက်ထားလေတော့သည်။
ရဲလက်စွဲဥပဒေ အပိုဒ် (၁၃၈၂)အပိုဒ်ခွဲ (၂)တွင် အာမခံပေးခွင့်မရသော ပြစ်မှုကို ကျူးလွန်၍ ဖမ်းဆီးခံရသောသူ၏ နောက်ကြောင်းရာဇဝင် ဂုဏ်သိက္ခာနှင့် အလုပ်အကိုင်တို့ကို ထောက်ထား၍ လွတ်မြောက်ထွက်ပြေးရန် သို့မဟုတ် ကြမ်းတမ်းစွာ ခုခံရန်အားထုတ်မည့် လက္ခဏာမရှိလျှင် လက်ထိပ်မခတ်ရဟု ဖေါ်ပြထားပြီး၊
အပိုဒ်ခွဲ (၅)တွင် တရားရုံးသို့ ထုတ်ယူသော အမှုစစ်ဆေးဆဲရှိနေသည့် တရားခံများသည် ကြမ်းတမ်းစွာ ပြုမူလိမ့်မည်။ သို့မဟုတ် ထွက်ပြေးရန် အားထုတ်လိမ့်မည်။ သို့မဟုတ် ၎င်းတို့အား လွတ်မြောက်ထွက်ပြေးရန် ပြုလုပ်လိမ့်မည်ဟု ယုံကြည်ရန် လုံလောက်သော အကြောင်းမရှိလျှင် ၎င်းတို့အား ရုံးသွားရုံးပြန် လက်ထိပ်မခတ်ရဟု ဖေါ်ပြထားပေသည်။
အထက်ဖေါ်ပြချက်အရ ကိုဖိုးဖြူသည် “ရုံးရှေ့ စွပ်စွဲခံရသူများ၏ နောက်ကြောင်းရာဇဝင်နှင့် ဂုဏ်သိက္ခာတို့ကို ကြည့်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် နိုင်ငံရေးသမားများဖြစ်ကြောင်း၊ နိုင်ငံရေးသမားများသည် မိမိတို့ ယုံကြည်ချက်အတွက် စွန့်လွှတ်အနစ်နာခံနေကြသူများ ဖြစ်ကြောင်း၊ ထိုသူတို့၏ ဂုဏ်သိက္ခာသည် သံသယဖြစ်ဖွယ် လုံးဝ မရှိပါကြောင်း၊ ထို့အပြင် တရားရုံးတော်ရှေ့တွင် အမှုရင်ဆိုင်နေကြသူများဖြစ်ကာ ရုံးထဲတွင်လည်း လုံခြုံရေးအစောင့်အရှောက်များ ရှိနေပါသောကြောင့် လွတ်မြောက်ထွက်ပြေးရန်သော်လည်းကောင်း၊ ကြမ်းတမ်းစွာ ခုခံရန်သော်လည်းကောင်း မဖြစ်နိုင်သည့် အခြေအနေများ ရှိနေပါသဖြင့် တရားစစ်ဆေးနေသည့်အချိန်တွင် လက်ထိပ်ဖြုတ်ပေးပါရန်” တင်ပြလျှောက်ထားသည်။
ကိုဖိုးဖြူသည် လက်ထိပ်ဖြုတ်ပေးရန်တစ်ခုတည်းကိုပင် တင်ပြလျှောက်ထားရာ လျှောက်ထားချိန် နာရီဝက်မျှ ကြာမြင့်လေသည်။
ကိုဖိုးဖြူ ထိုသို့လက်ထိပ်ဖြုတ်ပေးရန် လျှောက်ထားနေသောအချိန်တွင် ကျွန်တော်သည် အလုပ်သင် ရှေ့နေဖြစ်ခါစ၊ ညောင်တုန်းမြို့နယ်မှ ကိုသန်းထွန်းနှင့် ကိုတင်ဌေးတို့အမှုမှ ဖြစ်ရပ်ကလေးတစ်ခုကို အမှတ်မထင် သတိရမိလိုက်သည်။ ၂၀၀၇ ခုနှစ်အတွင်းက ဖြစ်သည်။ ရဲအုပ် ကျော်မြသန်းနှင့် ကိုသန်းထွန်း၊ ကိုတင်ဌေးတို့ အမှုဖြစ်သည်။ ဆရာဦးခင်မောင်ရှိန်က ကိုတင်ဌေးအတွက် လိုက်ပါဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ကိုသန်းထွန်းအတွက် ဦးမျိုးတင့်ဆိုသည့် ဗဟိုတရားရုံးချုပ်ရှေ့နေတစ်ဦးက လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်လေသည်။
“စိန်စီသောည” အခွေ သိမ်းဆည်းရမိသောအမှု ဖြစ်သည်။ ကိုသန်းထွန်းကို ပြစ်မှုဥပဒေပုဒ်မ (၅၀၅)(ခ) နှင့် ဗီဒီယိုအက်ဥပဒေ ပုဒ်မ (၃၂)၊ ပုဒ်မ (၃၆)တို့ဖြင့် တရားစွဲဆိုခြင်းဖြစ်ကာ ကိုတင်ဌေးကို ပြစ်မှုဥပဒေပုဒ်မ (၅၀၅)(ခ) ဖြင့် တရားစွဲဆိုသော အမှုဖြစ်သည်။
အမှုစတင်စစ်ဆေးသောနေ့တွင် တာဝန်ကျရဲသားများက ကိုသန်းထွန်းနှင့် ကိုတင်ဌေးကို တရားရုံးသို့ လက်ထိပ်တန်းလန်းဖြင့် ခေါ်ဆောင်လာသည့် အချိန်တွင်ဖြစ်သည်။ မြို့နယ်တရားသူကြီး ဒေါ်စောနွဲ့နွဲ့ဝင်းမှ လက်ထိပ်ဖြုတ်ပေးစေရန် ချက်ချင်းညွှန်ကြား လိုက်သည်ကို ကျွန်တော် အမှတ်မထင် မှတ်မိနေခဲ့သည်။
သို့သော် ယခု ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စစ်ဆေးလျက်ရှိသော တရားရုံးတွင်မူ ကိုဖိုးဖြူမှ လက်ထိပ်ဖြုတ်၍ အမှုသည်များ သက်တောင့်သက်သာဖြင့် တရားစစ်ဆေးစီရင်သည်ကို ခံယူနိုင်ရန် တင်ပြလျှောက်ထားပါသော်လည်း တရားရုံးတော်က လက်ထိပ်ဖြုတ်ခွင့်မပြုကြောင်း အမိန့်ချမှတ်လိုက်သည်။
လက်ထိပ်ဖြုတ်၍ တရားစစ်ဆေးစီရင်သည်ကို ခံယူရန် ဆိုသည်မှာ သာမန်အားဖြင့်ကြည့်လျှင် မည်သို့မျှ အရေးမကြီးသော ကိစ္စတစ်ရပ်ကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင် လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ ရပ်တည်နေထိုင်လျက်ရှိသော လူသားတစ်ဦးအနေဖြင့် ဆိုလျှင် ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ပါသည်ဟု စွပ်စွဲလျက် တရားရုံးတင် စစ်ဆေးလျှက်ရှိသော အချိန်တွင် လက်ထိပ်တန်းလန်းဖြင့် အများပြည်သူ၏ မြင်ကွင်းထဲတွင် လက်ထိပ်ခတ်ခံရခြင်းသည် ကြီးစွာသော စိတ်အားညှိုးငယ်ခြင်းကို ဖြစ်ပေါ်စေမည်မှာ အမှန်ပင်ဖြစ်သည်။ လက်ထိပ်ခတ်ခြင်းခံထားရသည်ကို မြင်ရသူအပေါင်းအနေဖြင့်လည်း အထင်သေး အမြင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုကြမည်မှာ အမှန်ပင်ဖြစ်သည်။ ကဲ့ရဲ့ကြမည်မှာ အမှန်ပင်ဖြစ်သည်။
လူသားဖြစ်စဉ်ထဲ၌ လူတိုင်းလူတိုင်းအား လူသားဖြစ်တည်မှု၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုလေးစား၊ တန်ဖိုးထားကြရမည်မှာ ၂၁ ရာစု ယဉ်ကျေးသော လူ့အဖွဲ့အစည်းဝင်တိုင်း ကိုယ်ပိုင်အသိတရားဖြင့် သိသင့်၊ သိထိုက်၊ သိအပ်လှသည့် ပြဌာန်းစရာမလိုသော ဝတ္တရားပင်ဖြစ်သည်။
ရဲလက်စွဲဥပဒေအား ပြုစုပြဌာန်းခဲ့ကြသော ဥပဒေပညာရှင်များသည် ယင်းအချက်ကို ကောင်းစွာသတိပြုလျှက် ရဲများအနေဖြင့် လက်ထိပ်များကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုစေရန်အတွက် ရဲလက်စွဲဥပဒေထဲတွင် လက်ထိပ်ခတ်ခြင်းဆိုသည့် ခေါင်းစဉ်ဖြင့် သီးသန့်ထည့်သွင်းပြဌာန်းပေးထားခြင်းဖြစ်ပေသည်။
သို့သော် ရဲများ၏ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များသည်လည်းကောင်း၊ ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိသော လုပ်ဆောင်ချက်များသည်လည်းကောင်း၊ အမှုစွဲတင် စစ်ဆေးလိုက်သောအချိန်တွင် သက်ဆိုင်ရာ တရားရုံးတွင် ထင်ထင်ရှားရှား ပေါ်ပေါက်လျက်ရှိကြသော်လည်း၊ သက်ဆိုင်ရာ တရားရုံးများက အလေးအနက်ထား ဖြေရှင်းခြင်း မရှိကြတော့ပေ။ တချို့တရားရုံးများသည်ပင်လျှင် ရဲလုပ်ထုံးလုပ်နည်းများ မှားယွင်းစွာ လုပ်ဆောင်ထားကြသည်များကို ရဲများဘက်မှနေ၍ ကာကွယ်ဖြေရှင်းပေးတတ်ကြသည်။ ထို့ကြောင့် ရဲများအနေဖြင့်လည်း ၎င်းတို့ကိုယ်တိုင် လိုက်နာကြရမည့် ရဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အလေးအနက်ထား လိုက်နာကြတော့ခြင်းမရှိဘဲ ၎င်းတို့စိတ်ထင်သည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာသည်လည်း တစ်စထက်တစ်စ ကျဆင်းလာခဲ့ရာ ယနေ့အချိန်အခါတွင်မူ ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်နေပေတော့သည်။
× × × × ×
ဆက်လက်ရေးသားပါအုံးမည်။
စာဖတ်သူများကိုအစဉ်လေးစားလျက် -
စောကျော်ကျော်မင်း
၁၄.၉.၂၀၀၉

No comments:
Post a Comment