ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 7, 2009

အထက်အာဏာပိုင်များကို ငွေပေး၍ လောင်းကစားလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေ

ဖြိုးကြီး

မြို့နယ်ရဲတပ်ဖွဲ့က လောင်းကစားဒိုင်များထံမှ ငွေတောင်း၍ တိုင်းအဆင့်အာဏာပိုင်များ ပေးလိုက်သည့်အတွက် မြို့ပေါ်ရှိ လောင်းကစားဒိုင်ချုပ်များမှာ ယခင်အတိုင်း ဆက်လက်လုပ်ကိုင်နေလျှက်ရှိသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်ရှိ နယ်မြေခံရဲတပ်ဖွဲ့က လောင်းကစားဒိုင်ချုပ်များထံမှ ငွေသိန်း (၅၀) တောင်းယူကာ လာရောက်စစ်ဆေးသည့်အဖွဲ့ကို ပေးလိုက်သည့်အတွက် အဖမ်းအဆီများမရှိတော့ကြောင်း ဒေသခံတဦးက ပြောသည်။

“ဆန်းမစ်လ္ဘက်ရည်ဆိုင်က ကျော်စွာ၊ စခန်းမှူးအောင်မိုး၊ အောင်သပြေ(၈) ရပ်ကွက်က အကျိန်း(မိုးပျံ)၊ ဝင်းကြည်၊ ဇော်ဝင်း၊ နယ်ထိန်းဒုရဲအုပ် ငြိမ်းဇော်မင်း၊ သံချောင်း၊ အောင်တံခွန်ပုံနှိပ်တိုက်၊ ရွှေဘရယ် နောက်တော့ အမှတ်(၃) နယ်ထိန်းအောင်ဇော်မင်းတို့က ပေါင်းပြီး အထက်ကလာစစ်တဲ့အဖွဲ့ကို ပေးလိုက်တော့ အဖမ်းအဆီးမရှိအောင် စစ်ဆေးသွားတာ” ဟု ဒေသခံက ပြောသည်။

ဘိုကလေးမြို့ပေါ်တွင် အငြိမ်းစားရဲဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များက နှစ်လုံး၊ သုံးလုံး (ချဲ) လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ကိုင်နေကြောင်း အဆိုပါဒေသခံက ပြောသည်။

“အထက်လူကြီးဆိုတာ ပါးစပ်ပါတာဘဲ၊ အဲဒီအတွက်လာရင် ပေးလိုက်ရင်ပြီးသွားတာဘဲဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က ပြောနေတာ၊ တကယ်တမ်းကြတော့ ဒိုင်ချုပ်တွေ တယောက်မှ မဖမ်းဘဲ ကော်မရှင်နဲ့ ရောင်းတဲ့ လက်ခွဲတွေတော့ အဖမ်းပြပြီး ခေါ်သွားတာ” ဟု ပြောသည်။

ယင်းကဲ့သို့ အထက်အာဏာပိုင်များလာရောက် စစ်ဆေးစဉ် တရပ်ကွက်လျှင်(၄)ဦးနှုန်းဖြင့် လက်ခွဲရောင်း သူများကို ဖမ်းဆီးသွားပြီး အမှတ်(၆)ရပ်ကွက်မှ မျောက်ခေါင်း ဆိုသူကိုလည်း လောင်းကစားလုပ်ငန်းနှင့် ပတ်သက်ခြင်းမရှိဘဲ ဖမ်းသွားကြောင်း ဒေသခံက ဆက်ပြောသည်။

ထို့အပြင် အထက(၁) တွင် နဝမတန်းတက်ရောက်နေသည့် မြို့နယ် မယက ဥက္ကဌ ဦးစိုးသိန်း၏ သားဖြစ်သူ မှာလည်း မူးယစ်ဆေးဝါးနှင့်စိတ်ကြွဆေးများသုံးစွဲပြီး ကျောင်းအတွင်း ခိုက်ရန်ဖြစ်ပွားနေခြင်းကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာအရေးမယူကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

“လူကြီးသားသမီးတွေ ဒီလိုဖြစ်တာကို ကျောင်းအုပ် အုန်းကြိုင်နဲ့ အမျိုးသမီးရေးရာက အမာနီတို့က ကာကွယ်ပေးထားတယ်၊ အဲဒီကလေးက ကျောင်းဆက်တက်နေတုန်းဘဲ၊ တခြားကလေးတွေအတွက် မိဘတွေက စိတ်ပူနေရတယ်” ဟု ပြောသည်။

ဘိုကလေးမြို့ပေါ်တွင် နာဂစ်မုန်တိုင်းပြီးနောက် လောင်းကစားလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကို ဒေသခံအာဏာပိုင်များကိုယ်တိုင် ပါဝင်လုပ်ကိုင်နေပြီး ဖောက်ထွင်းမှု၊ ခိုးမှုနှင့်ဒုစရိုက်မှုများ မကြာခဏဖြစ်ပွားနေလျှက်ရှိကြောင်း အဆိုပါကျောင်းသားမိဘက ဆက်ပြောသည်။

No comments:

Post a Comment