ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 8, 2009

အသက်မပြည့်သည့် ကလေးကို စစ်တပ်မှပြန်ခေါ်လိုကြောင်း မိဘများက သက်ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြထား

ရိုးမ ၃
အသက်မပြည့်သေးသည့်ကလေးငယ်တဦးအား တပ်မှ ပြန်လည်ခေါ်ယူလိုသည့်အတွက် မိဘများက သက်ဆိုင်ရာ အစိုးရအာဏာပိုင်များနှင့် ဒေသတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများထံ တင်ပြတောင်းဆိုထားသည်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ် (ဒ/ ၁၇) ရပ်ကွက် တပင်ရွှေထီးလမ်းနေ ဦးမြင့်ရွှေ၊ ဒေါ်မြ သန္တာတို့၏ သားဖြစ်သူ မောင်ချစ်ကိုဦးအား ပြန်လိုခေါ်ယူလိုသည့်အတွက် မိဘများက အစိုးရဌာနဆိုင်ရာရုံးများ၊ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်( ILO) သို့ တင်ပြထားခြင်းဖြစ်သည်။

မောင်ချစ်ကိုဦးသည် ယခုနှစ် (၉)လပိုင်း ၁၁ ရက်နေ့တွင် သထုံအမှတ် (၉)အခြေခံစစ်သင်တန်းကျောင်း (ဇရစ်ချောင်)မှ သင်တန်းဆင်းပြီး ဘားအံတပ်မ (၂၂) လက်အောက် ခမရ (၂၀၃)တွင် တာဝန်ထမ်းဆောင်နေလျှက်ရှိသည်။

ယင်းကဲ့သို့ မောင်ချစ်ကိုဦးအား တပ်မှပြန်လည်ခေါ်ယူနိုင်ရန်အတွက် မိဘများက ဦးခင်မောင်ကြည်၊ ဦးမောင်မောင်လေး၊ ဦးသန့်ဇင်ဦးနှင့် မထိုက်ထိုက်စိုးတို့အား လွှဲအပ်အကူညီတောင်းခံထားလျှက်ရှိသည်။

မောင်ချစ်ကိုဦး၏ မွေးသက္ကရာဇ်မှာ ၆၊ ၁၂၊ ၁၉၉၃ ခုနှစ်ဖြစ်ပြီး ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် ရွှေပြည်သာမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ နဝမတန်းအောင်မြင်ခဲ့သူဖြစ်သည်။

စစ်အစိုးရက ယခုလ ၇ ရက်နေ့တွင် အရွယ်မရောက်သေးသည့် ကလေးငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပညာပေးသင်တန်း အမှတ်စဉ် (၃/၂၀၀၉) ကို ဖွင့်လှစ်ခဲ့သည်။

ယင်းကဲ့သို့ သင်တန်းများဖွင့်လှစ်နေသော်လည်း အရွယ်မရောက်သေးသည့် ကလေးငယ်အမြောက်အများမှာ ကလေးစစ်သားအဖြစ် စုဆောင်းခံနေရလျှက်ရှိသည်။

No comments:

Post a Comment