ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 13, 2010

တိုင်းမှူးအမိန့်ဖြင့် နွေစပါးစိုက်ပျိုးနေရပြီး မစိုက်သူများငွေပေးနေရ

ရိုးမ ၃

တိုင်းမှူးအမိန့်ကြောင့် နွေစပါး မဖြစ်မနေစိုက်ပျိုးနေရပြီး မစိုက်နိုင်သည့် လယ်သမားများ ငွေကြေးထည့်ပေးနေရကြောင်း ဒေသခံလယ်သမားတဦးက ပြောသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတအပိုင် အင်္ဂပူမြို့နယ်အတွင်း လယ်သမားများအား နွေစပါးဧက တသောင်းစိုက်ခိုင်းနေပြီး မစိုက်ပျိုးနိုင်သည့် လယ်သမား ၆၄ ဦးထံမှ ငွေကျပ် သုံးထောင်ကျော်ကောက်ခံနေလျှက်ရှိသည်။

“တိုင်းမှူးရဲ့ ညွန်ကြားချက် ဧရာဝတီတိုင်း တိုင်းမှူးရဲ့ ညွန်ကြားချက်နဲ့ စိုက်ခိုင်းတာ၊ ကျောင်းကွင်းအုပ်စုရဲ့ ဥက္ကဌ ဝင်းနိုင်ရဲ့တပည့် ကျော်စွာကနေပြီးတော့ ကောက်တာ။ ရတဲ့လူဆီကလည်း ရတယ်။ မရတဲ့လူတွေဆီကလည်း မရသေးဘူး” ဟု ပြောသည်။

အင်္ဂပူမြို့နယ်အတွင်းမှ ကျောင်းကွင်း၊ မယ်ဇလီကုန်း၊ လိပ်ပေါင်ဆွဲ အုပ်စုများတွင် ကောက်ခံနေလျှက်ရှိပြီး ယခင်က အဆိုပါဒေသအတွင်း နွေစပါးစိုက်ဧက (၆,၀၀၀) သာရှိခဲ့ရာမှ ယခုနှစ်တွင် တသောင်းအထိ စိုက်ခိုင်းနေသည်ဟု ဒေသခံလယ်သမားက ဆက်ပြောသည်။

“လိပ်ပေါင်စွဲအုပ်စုကတော့ တဧကကို ၁ ထောင်တောင်းတယ်။ လိပ်ပေါင်စွဲအုပ်စုကလည်း လယ်သမား ၃၀၀ လောက်ရှိတယ်။ အကုန်တောင်းတယ်။ စိုက်တဲ့သူတွေကလည်း ကညင်ချောင်းထဲက ရေကို တင်ပြီးစိုက်နေရတာ၊ နွေစပါးစိုက်တာ စိုက်ချင်တယ် ဒါပေမယ့် မဖြစ်ထွန်းဘူး” ဟု လယ်သမားများကြုံတွေ့နေရသည့်အခက်အခဲကို ဆက်လက်ပြောသည်။

နွေစပါးမစိုက်ပျိုးနိုင်သည့် ဒေသခံလယ်သမားများအနေဖြင့် အခြားစိုက်ပျိုးသူများကို ထောက်ပံ့ပေးနေရသည့်အပြင် လယ်သမားများအတွက်ထုတ်ပေးနေသည့် မြေသြဇာနှင့် ပုလဲဓါတ်မြေသြဇာများကိုလဲ အပြည့်အဝမရရှိကြောင်း ၎င်းက ဆက်ပြောသည်။

“လယ်သမားကလည်း မစိုက်တာ မဟုတ်ဘူး၊ အစိုက်ပြပြီးတော့ မြေသြဇာတွေ၊ ဆီတွေ၊ ဓါတ်ဆားတွေကို ပြန်ရောင်းစားတယ်။ အဲလို လုပ်ကျတာ။ ဒါပေမယ့် အခုကျန်တဲ့ လယ်သမားတွေ ဘာကြောင့် ပေးရလည်းဆိုတော့ လယ်သိမ်းမှာ စိုလို့ ပေးရတာ။ လယ်သိမ်းမယ်လို့ သူတို့က ပြောတာကို။ အဲဒီတော့ ကျနော်တို့ ငွေ ၃ ထောင် မပံ့ပိုးလို့ မဖြစ်ဘူး။ ပေးနေရတာပေါ့” ဟုပြောသည်။

အာဏာပိုင်များအနေဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ဒေသအတော်များများတွင် နွေးစပါးအတင်းအကြပ် စိုက်ပျိုးခိုင်းနေခြင်းကြောင့် တောင်သူများမှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရလျှက်ရှိသည်။

No comments:

Post a Comment