ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 3, 2010

သန်လျင်မြို့နယ် ရဲဝန်ထမ်းများ တာဝန်ပေါ့လျော့မှုကို အရေးယူခြင်းမရှိသေး

ရိုးမ ၃

တာဝန်ပေါ့လျော့သည့် ရဲဝန်ထမ်းများ ဖယ်ရှားပေးရန် အထက်အာဏာပိုင်များထံ တင်ပြတိုင်တန်းထားသော်လည်း ယနေ့ထိ တစုံတရာအရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံတဦးက ပြောသည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မှုခင်းများကို ပေါ်ပေါက်အောင် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တရားလို တဦးဖြစ်သူဦးမြအေးက သက်ဆိုင်ရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်းတန်းထားသူ၏ သမီးမဝင်းမင်းသန်းသည် (၂၇-၇-၂၀၀၉) ရက်နေ့တွင် ဆွဲကြိုးဖြတ်လုခြင်း ခံရသဖြင့် ရဲတပ်ဖွဲ့သို့ သွားရောက်အမှုဖွင့်ထားခဲ့သော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိဘဲ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ်မြင့်ဇော်က တရားလိုအား ချိန်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ပြောသည်။

တရားလိုဘက်မှ ဆွဲကြိုးလုယူသွားသူစီးနင်းလာသည့် ဆိုင်ကယ်နံပါတ်၊ လူပုံသဏ္ဍာန်တို့ကို အတိအကျ ပြောကြားထားသော်လည်း ယနေ့ထိ တရားခံကို စုံစမ်းဖော်ထုတ်ခြင်းမရှိကြောင်း ဆက်ပြောသည်။

ယင်းကဲ့သို့ တာဝန်ပေါ့လျော့သည့် ရဲဝန်ထမ်းများကို အရေးယူပေးရန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ (၂၄၊ ၈၊ ၂၀၀၉) ရက်နေ့ကတည်းက စာရေးတင်ပြခဲ့ခြင်းဖြစ်ပြီး တစုံတရာအရေးမယူသေးကြောင်း ဒေသခံက ပြောသည်။

ထို့အပြင် သန်လျင်မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၀၉ ခုနှစ်အတွင်း လုယက်မှု၊ ဖောက်ထွင်းမှုများကို အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း ဆက်ပြောသည်။

ရန်ကုန်တိုင်း၊ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့က မှုခင်းများဖော်ထုတ်နိုင်ကြောင်း ဂျာနယ်များတွင် ထုတ်ဖော်ရေးသားခြင်းများ ပြုလုပ်နေသော်လည်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ အမှုခင်းများဖော်ထုတ်နိုင်ခြင်း မရှိသည်မှာ ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ပေါ့လျော့မှုဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

စစ်အစိုးရ အထက်အာဏာပိုင်များအနေဖြင့် အောက်ခြေအဆင့် ဝန်ထမ်းများနှင့် ပတ်သက်၍ တိုင်ကြားချက်များကို အရေးယူဆောင်ရွက်ပေးခြင်း နည်းပါးပြီး ရဲဝန်ထမ်းများအနေဖြင့်လည်း နည်းမျိုးစုံဖြင့် ဒုစရိုက်မှုများကို ဖုံးကွယ်ထားခြင်းများ ဖြစ်ပွားနေလျှက်ရှိသည်။

No comments:

Post a Comment