ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 12, 2010

ဦးဝင်းတင်ရေးသားသည့် ထောင်တွင်းအတွေ့အကြုံစာအုပ် ဖြန့်ချိ

ဉာဏ်မောင်

နအဖစစ်အစိုးရ၏ ၁၉ နှစ်ကျော်အကြာ ထောင်သွင်းအကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားသည့် ထောင်တွင်းအတွေ့အကြုံစာအုပ်ကို သူ၏ အသက် (၈၀) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဒီကနေ့ ထိုင်း-မြန်မာနယ်စပ်တွင် ဖြန့်ချိခဲ့သည်။

ဆရာကြီး၏ ရက်ပေါင်း (၇၀၀၀) ကျော် ထောင်တွင်းအတွေ့အကြုံများကို ရေးသားထားသည့် ‘ဘာလဲဟဲ့ လူ့ငရဲ’ အမည်ရှိ စာအုပ်ကို ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က စီစဉ်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရုံးတွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိခဲ့ခြင်းဖြစ်သည်။


“နအဖရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့၊ ဒီစာအုပ်ရေးတဲ့ အဘဦးဝင်းတင်ပေါ့။ ဒီစာအုပ်ထွက်လာရင် သူ ဘာဖြစ်နိုင်သလဲပေါ့နော်၊ နောက်တခေါက် ထောင်ထဲပြန်ရောက်သွားနိုင်မလားပေါ့နော်။ ကျနော်တို့ကသာ အဲဒါကို စဉ်စားတာ။ အဘဦးဝင်းတင်က အဲဒါနဲ့ပတ်သက်ပြီး လုံးလုံး သူ့ခေါင်းထဲမှာ မထားဘူး။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ ပြဿနာအားလုံးကိုလည်း သူရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ သူက ဒီလိုဆုံးဖြတ်ချက်နဲ့ ရေးတဲ့အတွက် ကျနော်တို့ကလည်း စာအုပ်ကို ထုတ်ဖို့ စီစဉ်ရတာပါ” ဟု စာအုပ်ကို စီစဉ်ထုတ်ဝေခဲ့သည့် (DVB) မှ ကိုအောင်ကြီးက ပြောသည်။

အဆိုပါ ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်တွင် စာမျက်နှာပေါင်း (၃၁၈) မျက်နှာပါရှိပြီး အခန်းငယ် (၁၀) ခန်းပါရှိကာ ဆောင်းပါးပေါင်း (၄၂) ပုဒ် ပါဝင်သည်။

စာအုပ်ရေးသားရခြင်းနှင့် ပတ်သက်၍ စာရေးသူ ဦးဝင်းတင်က ယနေ့ပြုလုပ်သည့် စာအုပ်ဖြန့်ချိပွဲသို့ ပေးပို့သည့် ဗွီဒီယိုမက်ဆေ့ခ်ျတွင် “ရေးမှဖြစ်မယ်။ လူတိုင်းသိမှ ဖြစ်မယ်။ ဒါမှသာလျှင် လူတွေဟာ ထောင်ထဲက လူတွေကို စာနာနိုင်မယ်၊ ထောက်ထားနိုင်မယ်။ ကူညီချင်မယ်၊ ရိုင်းပင်းချင်မယ်။ ထောင်က လူတွေလိုပဲ ငါတို့လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မယ်၊ ရုန်းကန်မယ်။ တိုက်ဖျက်မယ်၊ တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပေါ်လာလိမ့်မယ်လို့ ယူဆပြီး ရေးပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ သူက ၎င်းစာအုပ်ကို ရေးသားရာတွင် ကြောက်စိတ်မရှိဘဲ ရေးသင့်သည်များကို ပွင့်ပွင့်လင်းလင်း ရေးသားထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အင်းစိန်ထောင်အပါအဝင် ထောင်ပေါင်း (၄၀) ကျော်သည် ငရဲဘုံဖြစ်ကြောင်း၊ မြန်မာတနိုင်ငံလုံးသည်လည်း ထောင်ကျနေခြင်းသာဖြစ်ကြောင်း ဗွီဒီယိုမက်ဆေ့ခ်ျတွင် ဆက်လက်ပြောကြားခဲ့သည်။

စာအုပ်ရေးသားသူ စာရေးဆရာ၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ဒီကနေ့၊ ၂၀၁၀ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် အသက် (၈၀) နှစ်ပြည့်ပြီ၍ ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ၎င်း၏ (၈၀) နှစ်မြောက် မွေးနေ့နှင့်အတူ စာအုပ်ဖြန့်ချိခြင်းကိုပါ တပြိုင်နက်တည်း ပြုလုပ်ခဲ့သည်။

(DVB) က စီစဉ်ထုတ်ဝေသည့် ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်ကို (AAPP-B) မှ တာဝန်ယူဖြန့်ချိပေးပြီး ထိုင်းနိုင်ငံအတွင်း ဘတ် (၂၀၀) နှုန်း၊ နိုင်ငံခြားမှ ဝယ်ယူလိုပါက အမေရိကန်ဒေါ်လာ (၁၅) ဒေါ်လာဖြင့် ရောင်းချကာ ရရှိသည့် ငွေများကို မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသူများ၊ သတင်းထောက်များ အပါအဝင် ဦးဝင်းတင်ကို ချစ်ခင်လေးစားသူများ စုစုပေါင်း (၇၀) ကျော် တက်ရောက်ခဲ့သည်။

No comments:

Post a Comment