ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 11, 2010

ဘယ်လိုဆုံးဖြတ်မလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

တူမောင်ညို

“ကျနော်တို့ ရွေးကောက်ပွဲ ဝင်ဖို့/မဝင်ဖို့ဆိုတာ ဒီဥပဒေနဲ့ တည်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ ဆုံးဖြတ်မှာက နိုင်ငံရေးတောင်းဆိုချက်တွေမှာ ဘယ်လောက်တုံ့ပြန်မှုရှိသလဲ၊ နိုင်ငံရေးတောင်းဆိုချက်တွေကို ဘယ်လောက် လိုက်လျောမှုရှိသလဲ ဆိုတဲ့အပေါ်မှာ တည်ပြီး ရွေးကောက်ပွဲ ဝင်ရေး/ မဝင်ရေးကို ဆုံးဖြတ်မှာပါ။ ဒီဥပဒေဟာ ပါတီရပ်တည်ရေးအတွက် စဉ်းစားဆုံးဖြတ်ဖို့နဲ့ ရွေးကောက်ပွဲ ဝင်/မဝင်ဆိုတာကတော့ နိုင်ငံရေးလိုက်လျောမှုပေါ်မှာ တည်တယ်လို့ နှစ်ပိုင်းခွဲ ပြောချင်တယ်” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။ (၁၀ မတ် ၂၀၁၀ - ခေတ်ပြိုင်နှင့် ဦးဝင်းတင် အင်တာဗျူးမှ ကောက်နှုတ်ချက်)


ဦးဝင်းတင် ဘာကိုဆိုလိုချင်တာလဲ။ (ကျနော်) မရှင်းပါဘူး။

နိုင်ငံရေးလိုက်လျောမှုဆိုတာ ဘာကိုပြောချင်တာပါလဲ။

(နအဖ) စစ်အစိုးရက ထုတ်ပြန် ကြေညာလိုက်တဲ့ ဒီဥပဒေ (၂) ရပ်က ဘာမှ မလိုက်လျောတော့ဘူး ဆိုတာကို ခပ်ရှင်းရှင်း အဖြေပေးလိုက်တာပဲမဟုတ်ပါလား။

(နအဖ)စစ်အစိုးရ စိတ်ကြိုက် ရွေးချယ်ခန့်အပ် တာဝန်ပေးအပ်မယ့် “ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်” က (နအဖ)စစ်အစိုးရ စိတ်ကြိုက် ချမှတ်ရေးဆွဲထားတဲ့ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ကို ကိုင်စွဲပြီး ဆောင်ရွက်သွားမယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ထံမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ ပါတီမှတ်ပုံတင်ရမယ်။ သို့မှသာ ပါတီတရားဝင်ရပ်တည်ခွင့် ရရှိမယ်။

ဒါကြောင့် ပါတီရပ်တည်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးဟာ တစ်ခုထဲပဲဖြစ်ပါတယ်။ နှစ်ခုခွဲလို့ မရနိုင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေတဲ့ နိုင်ငံရေးတောင်းဆိုချက်တွေဆိုတာ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြန်လည် သုံးသပ်ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး“ ဆိုတဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။

ဒါတွေကို (နအဖ)စစ်အစိုးရက ဘယ်လောက် လိုက်လျောမှုရှိခဲ့ပါသလဲ။ လိုက်လျောမယ့် အရိပ်လက္ခဏာ တစ်ခုတစ်လေမျှ ဒီ့အရင်ကလည်း မတွေ့မမြင်ခဲ့သလို အခုလည်း မမြင်မတွေ့မိသေးပါဟု ကျနော် ရိုးသားစွာ ဝန်ခံပါရစေ။

အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီ တရားဝင်ဆက်လက်ရပ်တည်နိုင်ရေးအတွက် စဉ်းစားမည်ဆိုလျှင် အောက်ပါအချက်များကို မဖြစ်မနေ ဆောင်ရွက်ရပါလိမ့်မည်။

  1.  ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်နှင့် ရွှေဂုံတိုင်ကြေညာချက်အပါအဝင် ယခင် နိုင်ငံရေးသဘောထားရပ်တည်ချက်အားလုံး စွန့်ပယ်ရမည်။
  2. ပါတီဝင်များထဲက (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) အကျဉ်းကျနေသူတွေ အားလုံးကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရမည်။
  3. ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လေးစားလိုက်နာပါမည်ဟု ခံဝန်ချက်လက်မှတ် ထိုးရမည်။
  4. ဒေါ်အောင်ဆန်းစုကြည်ထံမှ ဗိုလ်သန်းရွှေထံပေးစာ (နိုဝင်ဘာ ၁၁ ရက်)ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံနေရသည့် ကိစ္စများလည်း အလိုလို ရပ်ဆိုင်းသွားမည်။
  5. နိုင်ငံတကာနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့က တောင်းဆိုနေသည့် အားလုံးပါဝင်ရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး ဆိုသည်မှာ အဓိပ္ပာယ်ကင်းမဲ့သွားမည်။


ဘယ်လိုဆုံးဖြတ်မလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

ထွက်ပေါက်ကိုရှာမလား၊ ဖောက်ထွက်မလား။

× × × × ×
တူမောင်ညို
(၂၀၁၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်)

No comments:

Post a Comment