ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 23, 2010

လူသတ်ပွဲ


ဒါဟာဖြင့်
မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့ ညနေခင်းအချိန် “ကွမ်ဂျူးမြို့” မှာ ဖြစ်ခဲ့တာပါ။


သန်းခေါင်ယံအချိန်မှာ
အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက
ရိုးရိုးရဲတွေရဲ့နေရာမှာ ဝင်ယူလိုက်တာ
ငါမြင်ခဲ့တယ်။
သန်းခေါင်ယံအချိန်မှာ
စစ်သားတွေက
အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေရဲ့နေရာမှာ ဝင်ယူလိုက်တာ
ငါမြင်ခဲ့တယ်။
သန်းခေါင်ယံအချိန်မှာ
အမေရိကန်နိုင်ငံသားတွေ
မြို့တော်က စွန့်ခွါသွားတာ
ငါမြင်ခဲ့တယ်။
သန်းခေါင်ယံအချိန်မှာ
မြို့ တော် အဝင်ဂိတ်ကို မော်တော်ယာဉ်တွေဝင်မလာနိုင်အောင်
ပိတ်ဆို့ထားလိုက်တာ
ငါမြင်ခဲ့တယ်။

အို ဘယ်လောက်များ ကြောက်မက်ဖွယ်ကောင်းတဲ့ သန်းခေါင်ယံပါလိမ့်
အို ဘယ်လောက်များ အချိန်ကုန်ခဲလွန်းတဲ့ သန်းခေါင်ယံပါလိမ့်။

ဒါဟာဖြင့်
မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့ ညနေခင်းအချိန် “ကွမ်ဂျူးမြို့” မှာ ဖြစ်ခဲ့တာပါ။

မွန်းတည့်ချိန်မှာ
အုပ်စုလိုက် လှံစွပ်သေနတ်ကိုင်စစ်သားတွေ
ငါမြင်ခဲ့တယ်။
မွန်းတည့်ချိန်မှာ
အုပ်စုလိုက်စစ်သားတွေဟာ လူတွေကိုတိုက်ခိုက်ဖို့ အသင့်ဖြစ်နေတာ
ငါမြင်ခဲ့တယ်။
မွန်းတည့်ချိန်မှာ
အုပ်စုလိုက်စစ်သားတွေဟာ လူတွေကို လုယက်ဖို့ အသင့်ဖြစ်နေတာ
ငါမြင်ခဲ့တယ်။
မွန်းတည့်ချိန်မှာ
စစ်သားယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတွေကို
ငါမြင်ခဲ့တယ်။

အို ဘယ်လောက်များ ကြောက်မက်ဖွယ်အတိပြီးတဲ့ မွန်းတည့်ချိန်ပါလိမ့်
အို ဘယ်လောက်များ ပြောင်ပြောင်တင်းတင်းဖြစ်တဲ့ မွန်းတည့်ချိန်ပါလိမ့်။

ဒါဟာဖြင့်
မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့ ညနေခင်းအချိန် “ကွမ်ဂျူးမြို့” မှာ ဖြစ်ခဲ့တာပါ။

သန်းခေါင်ယံအချိန်မှာ
မြို့တော်ကြီးဟာ ဝရုန်းသုန်းကားဖြစ်နေတဲ့
ပျားအုံတခုလို ဖြစ်နေခဲ့တယ်။
သန်းခေါင်ယံအချိန်မှာ
ချော်ရည်တွေ စီးကျသလိုဖြစ်နေတဲ့
သွေးမြစ်တစင်း ဖြစ်သွားခဲ့တယ်။
သန်းခေါင်ယံအချိန်မှာ
အသတ်ခံခဲ့ရတဲ့ မိန်းခလေးရဲ့
သွေးစွန်းနေတဲ့ ဆံပင်တွေကို
လေပြေညှင်းက တွန်းတိုက်လှုပ်ရှားနေတယ်။
သန်းခေါင်ယံအချိန်မှာ
ကျည်ဆံတတောင့် ကန်ထွက်သလို ထွက်ကျလာတဲ့
ကလေးငယ်တဦးရဲ့ မျက်လုံးအိမ်ကို
အမှောင်ထုကြီးက ဝါးမြိုလိုက်တယ်။
သန်းခေါင်ယံအချိန်မှာ
လူသတ်သမားတွေဟာ
လူသေအလောင်းတွေကို တနေရာရာကို သယ်ထုတ်သွားခဲ့ကြတယ်။

ဒါဟာဖြင့်
မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့ ညနေခင်းအချိန် “ကွမ်ဂျူးမြို့” မှာ ဖြစ်ခဲ့တာပါ။

အဲဒီညနေ
ကောင်းကင်ဟာ သွေးနီပိတ်စတခု ဖြစ်နေခဲ့တယ်။
အဲဒီညနေ
လမ်းတွေထဲမှာ မငိုကျွေးတဲ့အိမ် တအိမ်မှမရှိခဲ့ဘူး။
မူဒေါင် တောင်မဟာဆိုရင်
ဒုမင်္ဂလဝတ်စုံကို ဝတ်ပြီး
မျက်နှာကို ဝှက်ထားခဲ့တယ်။
အဲဒီညနေ
“ယောင်ဆန်” မြစ်ဟာ
အသက်ရှူရပ်ပြီး ရင်တမမဖြစ်နေခဲ့တယ်။

ဒါဟာဖြင့်
“ကွာရာနီကာ” က လူသတ်ပွဲထက် ပိုမိုကြမ်းကြုတ်လျက်
ကမ်းကုန်အောင်ရိုင်းတဲ့ ရုတ်မာသူတို့ရဲ့ ရက်စက်မှုပဲ ဖြစ်ပေတယ်။ ။

( ၁၉၈၀၊ မေလအတွင်းတုန်းက တောင်ကိုရီးယားနိုင်ငံ ကွမ်ဂျူးမြို့မှာ ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက သမ္မတ ဗိုလ်ချုပ်ကြီးချွန်ဒူးဝှမ်က စစ်တပ်နဲ့ အကြမ်းဖက်ဖြိုခွဲလို့ ဆန္ဒပြသူတွေ ရာနဲ့ချီပြီး ကျဆုံးခဲ့ပါတယ်။ မြို့လူထုနဲ့ တက္ကသိုလ်ကျောင်းသား၊ အလုပ်သမားတွေက မြို့ကို ရက်အနည်းငယ်အထိ သိမ်းပိုက်ထားနိုင်ခဲ့ပါသေးတယ်။ ဒီအရေးအခင်းဖြစ်ပြီး နောက် ၅ နှစ်အကြာမှာ ချွန်ဒူးဝှမ်ခေါင်းဆောင်တဲ့ အာဏာရှင်အစိုးရလည်း ပြုတ်ကျသွားရပါတယ်။ အခုဆိုရင် ကွမ်ဂျူးအရေးတော်ပုံဖြစ်ပွားခဲ့တာ နှစ် ၃၀ ပြည့်ပါပြီ။ ကိုရီးယားပြည်သူတွေရဲ့ ရာဇဝင်တွင်တဲ့ ဒီ အရေးတော်ပုံကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကဗျာကို တင်ဆက်လိုက်တာပါ။ )

ငြိမ်းဝေ
(MEMORIES OF MAY 1980 စာအုပ်တွင်ပါရှိသော တောင်ကိုရီးယားကဗျာဆရာ KIM NAM_JU ရဲ့ MASSACRE ကဗျာကို မြန်မာဘာသာပြန်ဆိုပါတယ်။)

1 comment:

  1. ဒီကဗျာကို ဖတ်ရလိုက်ရခြင်းအားဖြင့် ကျနော့်ရင်ကို ထိရှစေခဲ့တယ်ဗျာ ... ဒီအကြောင်းကို ဖတ်ရပါတယ် ... ဒါပေမယ့် ဒီကဗျာကိုတော့ အခုမှပဲ ဖတ်ဖြစ်တယ် ... ဘာသာပြန်ဆိုပေးထားတဲ့ ဆရာဦးငြိမ်းဝေကိုလည်း ကျေးဇူးတင်ပါတယ် ... ကဗျာခံစားမှုဟာ ကျနော်အတွက်တော့ အရမ်းကို ဆွဲဆောင်စရာကောင်းတဲ့ ကဗျာတွေပါပဲ ... အခုလို ဒီမှာ ဖတ်လိုက်ရတဲ့အတွက် ရိုးမ၃ သတင်းဌာနကိုလည်း အထူးပင် ကျေးဇူးတင်ပါတယ်ဗျာ ......

    မာန်လှိုင်းငယ်

    ReplyDelete