ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 19, 2010

အမျိုးသမီးနှင့်ကလေးငယ်များ ကျန်းမာရေးအခြေအနေ အစီရင်ခံစာထုတ်ပြန်

October 19th, 2010 | ရိုးမ ၃

မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းဒေသအတွင်း စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကျန်းမာရေးအသုံး စရိတ်လျော့နည်းမှုတို့ကြောင့် အမျိုးသမီးများနှင့်ကလေးငယ်များ ကျန်းမာရေးအခြေအနေ ဆိုးရွားနေမှုများကို ထောက်ပြသည့် အစီရင်ခံစာ ယနေ့ ထုတ်ဝေဖြန့်ချိခဲ့သည်။


အဆိုပါအစီရင်ခံစာကို မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့နှင့် အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီတို့က ပူးတွဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။

“အဓိက ကတော့ ဒီဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေတာကို မီးမောင်းထိုး ပြချင်တယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေသ၍ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ ကျန်းမာရေးအဆင့် အတန်းမြင့်မားလာမှာ မဟုတ်ဘူးဆိုတာ ထောက်ပြချင်တဲ့သဘောပါ” ဟု နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့က အတွင်းရေးမှူး ဆရာမန်းမန်းက ပြောသည်။

အထူးသဖြင့် မြန်မာပြည်အရှေ့ဘက်ခြမ်းမှ ရွှေ့ပြောင်းနေထိုင်ရသည့် လူထုအနေဖြင့် စစ်အစိုးရနှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ လျစ်လျူရှုမှု၊ တာဝန်မဲ့မှု၊ အကြောင်းမဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေကြောင့် ကျန်းမာရေးအခြေအနေများ ဆိုးရွားနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အဓိက ကတော့ ကောက်ခံတွေ့ရှိချက်အရကြည့်ရင် အဓမ္မပြောင်းရွေ့ခံရမှု၊ အစားအစာဖျက်ဆီးခံရမှုတွေကြောင့် အများဆုံးဖြစ်တယ်၊ ယနေ့ နယ်မြေမတည်ငြိမ်မှုအပေါ် အများကြီးမူတည်တယ်၊ အဲဒီနေရာတွေက အပစ်ခတ်ရပ်စဲထားတဲ့နေရာရော မရပ်စဲတဲ့နေရာတွေ ပါတယ်၊ စစ်တမ်းကောက်တဲ့ ဒေသတွေဟာဆိုရင် ရွေ့ပြောင်းခံရတဲ့ လူထုတွေကို အခြေခံကောက်ယူထားတာ ဖြစ်တယ်” ဟု ဆရာမန်းမန်းက ဆက်ပြောသည်။

ကျန်းမာရေးအကူညီပေးရေး လုပ်ငန်းများကို လက်လှမ်းမှီသမျှ လုပ်ဆောင်ပေးနေသော်လည်း စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသရွေ့ ကျန်းမာရေးကပ်ဆိုးများကို ဆက်လက်ခံရနေရဦးမည်ဖြစ်ကြောင်းကို ဒေါက်တာစင်သီယာမောင်က ပြောသည်။

Diagnosis Critical ဟု အမည်ပေးထားသည့် အဆိုပါ အစီရင်ခံစာသည် စာမျက်နှာ ၅၀ ပါရှိပြီး စစ်မဖြစ်ပွားရာ ဒေသများအတွင်းမှ မြို့နယ်ပေါင်း ၂၁ မြို့နယ်တွင် အိမ်ထောင်စု ၅,၇၅၄ စုကို စစ်တမ်း ကောက်ယူထားခြင်းဖြစ်သည်။

အသက် (၅) နှစ်အောက်ကလေးငယ်များ အာဟာရချို့တဲ့မှု၊ ကာကွယ်ကုသနိုင်သည့် အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါ၊ ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါများကြောင့် သေဆုံးခဲ့ရသည့် အခြေအနေများကို အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားသည်။

No comments:

Post a Comment