ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 22, 2010

ရခိုင်ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ် ပြည်သူများစိုးရိမ်နေ

October 22nd, 2010 | ရိုးမ ၃

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ပေါ်တွင် လေပြင်းများတိုက်ခတ်ပြီး မုန်တိုင်းကျရောက်နေသဖြင့် ဒေသခံများ အိမ်ပြင်မထွက်ဘဲ သတိထားနေရကြောင်း ဒေသခံက ပြောသည်။


ယမန်နေ့ကညဦးပိုင်းမှ စတင်ပြီး လေပြင်းများ တိုက်ခတ်နေပြီး ဈေးများ၊ စာသင်ကျောင်းများ ပိတ်ထားပြီး ဒေသခံများမှာ စိုးရိမ်မှုများဖြစ်နေသည်ဟု ပြောသည်။

“မုန်တိုင်းဖြစ်နေလို့ ဈေးမှာ ဘယ်သူမှမရှိဘူး၊ လေတော့ပြင်းတယ် တနာရီ (၇၀) (၈၀)လောက်အားနဲ့ မုန်တိုင်းတိုက်နေတယ်၊ ဒီမနက်က တည်းက ဈေးကို ဘယ်သူမှမလာဘူး၊ သွပ်ပြားတွေတော့ လန်ကုန်တယ်” ဟုပြောသည်။

မုန်တိုင်းသတင်းကို အာဏာပိုင်များက ကြေညာခဲ့သော်လည်း နေရာအနှံ့လိုက်လံ အသိပေးကြေညာခြင်း မရှိကြောင်းနှင့် အဆိုပါမုန်တိုင်းမှာ ယနေ့ ည ၁၂ နာရီအထိ တိုက်ခတ်မည်ဟု ကြားသိရကြောင်း ဒေသခံက ပြောသည်။

“မနက်ကတော့ အာဏာပိုင်တွေ ကြေညာတယ် ပြောတယ်၊ ကျမတို့ဘက်မရောက်ဘူး၊ အခုထိ တိုက်နေတုန်းဘဲ၊ ကိုယ့်အိမ်မှာဘဲ ကိုယ်နေကြတယ်” ဟု ပြောသည်။

ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဆက်သွယ်ရေးများ ပြတ်တောက်နေကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်း၊ ဘိုကလေးဒေသအတွင်း မုန်တိုင်းသတင်းကြောင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း ဒေသခံတဦးက ပြောသည်။

“ဘိုကလေးမှာတော့ ဘာမှမဖြစ်ဘူး၊ မိုးလေးနည်းနည်းဘဲ ရွာတယ်၊ သူတို့က အရေးပေါ်ကြေညာချက်တွေ ကြားနေရတယ် ဘယ်လိုနေပါ ထိုင်ပါပေါ့၊ အဲလိုဆိုတော့ လူတွေက ကြောက်တာပေါ့၊ ရွာဘက်က လူတွေကလဲ မြန်မာ့အသံနားထောင်ပြီး စိုးရိမ်ထိတ်လန့်နေယ်၊ ကျမတို့ကတော့ မြန်မာ့အသံကို နားကိုမထောင်တာ၊ အခုတော့ အားလုံးကြောက်နေကြတယ် ခံထားရဖူးတော့” ဟု ပြောသည်။

မုန်တိုင်းတိုက်ခိုက်စဉ် မြေပြင်တွင် လေတိုက်နှုန်း တစ်နာရီ (၇၅) မိုင်နှုန်းရှိနိုင်သည့်အတွက် လှိုင်းကြီးနိုင်ပြီး အဆောက်အဦတွေ ပျက်စီးနိုင်ကြောင်းနှင့် ငါးဖမ်းရေယာဉ်များ ပင်လယ်ထဲသွားလာခြင်းကို မပြုလုပ်ကြရန်၊ ခိုင်ခံ့တဲ့ အဆောက်အဦများတွင် ပြောင်းရွှေ့နေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးဌာနမှ ဒေါက်တာ ထွန်းလွင်က သတိပေးပြောဆိုထားသည်။

No comments:

Post a Comment