ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 28, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကြိုဆိုပွဲ ဒုက္ခသည်စခန်းတွင် ကျင်းပ

November 28th, 2010 | ရိုးမ ၃

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်လာမှုကို ကြိုဆိုသည့် အထိမ်းအမှတ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် အုန်းပြန့်ဒုက္ခသည်စခန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) နှင့် အုန်းပြန့်ဒုက္ခသည်စခန်းကော်မတို့က ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။


“ကျနော်တို့ ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်းရှိတယ်၊ အဲဒီလို လွတ်မြောက်လာတဲ့အတွက် ဝမ်းသာတယ်၊ ပြီးတော့ ကျနော်တို့စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပင်လုံအပေါ် စိတ်ဝင်စားကြတယ်ဆိုတာကို ပြသတဲ့အနေနဲ့ လုပ်တာပါ” ဟု အုန်းပြန့်ဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ခေါင်းဆောင်များက အကြောင်းကြောင်းကြောင့် မြန်မာပြည်မှ ထွက်ခွာခဲ့ရကြသော်လည်း အခွင့်ရပါက အမိမြန်မာပြည်သို့ ပြည်သွားကြမည်ဖြစ်ကြောင်းကို အဓိကထား ပြောကြားခဲ့သည်။

ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းက “ကျမ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့စဉ်က သူပြောခဲ့တာ ရှိတယ်၊ အဲဒါက မြန်မာပြည်အရေးကို လုပ်ချင်တယ်ဆိုရင် မြန်မာပြည်ထဲမှာနေမှ ရာနှုန်းပြည့် လုပ်နိုင်မှာဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်” ဟု ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသူတဦးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းနှင့် ပင်လုံရပ်တည်ချက်အပေါ် ဝမ်းသာဂုဏ်ယူမိကြောင်း ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းတွင်လည်း ယနေ့နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။

No comments:

Post a Comment