ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 1, 2010

ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်

December 1st, 2010 | ရိုးမ ၃

ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေး လမ်းလျှောက်ချီတက်ပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ဒေသတွင်းမှ မြန်မာရွေ့ပြောင်း စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေး လုပ်သားများ လူမှုအထောက်အကူပြုအဖွဲ့အစည်းများနှင့် HIV ပိုးနှင့်အတူ နေထိုင်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် HIV ပိုးနှင့် နေထိုင်ပြီး လက်ရှိဘ၀တူတွေကို နှစ်သိမ့်ဆွေးနွေး ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသူတဦးက “အဓိကကတော့ လူဟာ စိတ်ဓါတ်ပါဘဲ၊ ဒီပိုးနဲ့ နေထိုင်တဲ့သူမဟုတ်ဘဲ ကျန်းမာတဲ့ လူတောင်မှ စိတ်ဓါတ်ကျတယ်ဆိုရင် ကျန်းမာရေး တခုခုဖြစ်မှာဘဲ၊ ကျမဆိုရင် စိတ်ဓါတ်ကို အဓိကထားတယ်၊ စိတ်ထဲမှာ ဒီပိုးနဲ့ နေထိုင်သူ မဟုတ်ဘူးလို့ ခံယူထားတယ်၊ ပိုးက ရင်ထဲမှာနေတာ လူက တိုက်ထုတ်နိုင်ရမယ်၊ စိတ်ချမ်းသာအောင်နေရမယ်၊ တကမ္ဘာလုံးမှာ ကျမတယောက်တည်းမဟုတ်ဘူး၊ အများကြီးရှိတယ်ဆိုတာကို ခံယူထားတယ်၊ စိတ်ဓါတ်ကျစရာ မလိုဘူး၊ အပေါင်းအသင်း မိတ်ဆွေတွေရှိတယ်” ဟုပြောသည်။

ယင်းကဲ့သို့ HIV/AIDS ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသော်လည်း ရောဂါပိုးကူးစက်ခံရသည့် လူဦးရေမှာ ဆက်လက်တိုးလာလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“HIV/AIDS ကိစ္စတွေကို ပညာပေးနေပေမဲ့လဲ လူတွေလက်ခံမှု နည်းနေသ၍ ဒီရောဂါက ဆက်တိုးလာမှာ ဘဲဖြစ်တယ်၊ ကျမတို့ ပညာပေးပေမဲ့ တချို့က ကွန်ဒုံလက်မခံဘူး၊ တချို့က မထူးဇါတ်ခင်းတယ်၊ သေလူဖြစ်နေပြီ ပျော်သလိုနေမယ်ဆိုတဲ့ ကိစ္စတွေကြောင့်ပါ၊ အဝေးပြေးကားသမားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိဘူး၊ ကျမတို့က ကွန်ဒုံကို ပေးလို့ဘဲရမယ်၊ အသုံးပြုဖို့ အတင်းအကြပ်လုပ်မရဘူး၊ အဲဒီအခြေအနေတွေကြောင့် ရောဂါကူးစက်မှုတွေ ဆက်တိုးလာတာ” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ထို့အပြင် HIV/AIDS ပိုးရှိနေသည်ကို သိသည်နှင့်တပြိုင်နက် ပွင့်ပွင့်လင်းလင်းဖွင့်ပြောရန်လိုအပ်ပြီး စိတ်ဓါတ်ကျရန် မလိုဘဲ မိမိစိတ်ကို ပြုပြင်ကာ ပုံမှန်ဆေးကုသမှုများကို ခံယူသင့်ကြောင်းနှင့် လက်ရှိ ရောဂါဖြစ်ပွားနေသူများကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်ထားမှုများကို ၎င်းက ဆက်ပြောသည်။

“အခုလက်ရှိ ကျမတို့လက်ထဲမှာ လူနာဦးရေ ၆၀၀ ကျော်ရှိတယ်၊၊ စာရင်းမရသေးတာက အများကြီးဘဲ အသက် ၁၆ ကနေ ၅၀ အတွင်းရှိတယ်၊ မြန်မာပြည်တွင်းကလာတဲ့ လူနာတွေလည်း ရှိတယ်” ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း ၂၀၀၉ ခုနှစ်နှောင်းပိုင်း HIV/AIDS ဝေဒနာရှင်ပေါင်း နှစ်သိန်းလေးသောင်းရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့တို့က ထုတ်ပြန်ကြေညာထားသည်။

No comments:

Post a Comment