ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Feb 20, 2010

ဖတ်မိမှတ်မိ သမျှဥပဒေအပိုင်းအစများ (၁၁)

စောကျော်ကျော်မင်း

တရားလိုသက်သေ၏ “ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ကို စတင်ဖမ်းစီးသည့်အချိန်က ရဲအရေးပိုင်သည့် ပုဒ်မဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်၍ တရားစွဲဆိုသည့်အခါမှသာလျှင် ရဲအရေးမပိုင်သည့် ပုဒ်မဖြင့် တရားစွဲတင်ခြင်းဖြစ် သည်” ဆိုသည့် တရားရုံးရှေ့ သက်သေခံ ထွက်ဆိုချက်နှင့် စပ်လျဉ်း၍ ဥပဒေကြောင်းအရ ဖမ်းဆီးခြင်း မှန်ကန်မှု ရှိသည်/မရှိသည်ကို စဉ်းစားသုံးသပ်ကြရမည်ဖြစ်သည်။

ပြစ်မှုကျူးလွန်သူ တဦးတယောက်ကို ဖမ်းဆီးသည်ဆိုရာတွင် ရဲအရေးပိုင်သည့်အမှုဖြင့် ဖမ်းဆီးခြင်းရှိ သကဲ့သို့ ရဲအရေးမပိုင်သည့်အမှုဖြင့် ဖမ်းဆီးခြင်းလည်း ရှိကြောင်းကို ဆောင်းပါးအမှတ်စဉ် (၅) တွင် ရေးသား တင်ပြခဲ့ပြီးဖြစ်သည်။ ရဲအရေးမပိုင်သည့်အမှုဖြင့် ဖမ်းဆီးခြင်းဖြစ်လျှင် လုပ်ဆောင်ရမည့် တရားစီရင်ရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကိုလည်း ယခင်ဆောင်းပါးများတွင် အသေးစိတ်ရေးသားတင်ပြထားခဲ့ပြီးဖြစ် ပါသည်။

ထို့ကြောင့် ယခုဆောင်းပါးတွင် ရဲအရေးပိုင်သည့် အမှုများတွင် ဖမ်းဆီးပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် မဖြစ်မနေလုပ်ဆောင်ကြရမည့် ဥပဒေလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို တင်ပြရန်လိုအပ်လာပါသည်။ သို့မှသာလျှင် တရားလိုသက်သေ၏ အထက်ဖေါ်ပြပါ ထွက်ဆိုချက်သည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိသည်၊ မရှိသည်ကို နှိုင်းယှဉ်စဉ်းစားသုံးသပ်နိုင်ကြမည် ဖြစ်ပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဇယား -၂ စာတိုင်သုံးတွင် ဖေါ်ပြထားသည့် ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်ဟု ဖေါ်ပြထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်ပါ ပုဒ်မများသည် ရဲအရေးပိုင်သည့် အမှုများပင် ဖြစ်သည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၄(၁) နှင့် ရဲလက်စွဲဥပဒေ ဒုတိယတွဲ အပိုဒ် - ၁၀၅၀ တို့တွင် ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သော ပြစ်မှုများကို ပြဌာန်းထားသည်။

မည်သည့်ရဲအရာရှိကမျှ ဝရမ်းမပါဘဲ ဖမ်းဆီးထားသူတစ်ဦးကို အမှု၏ မည်သည့်အခြေအနေတွင်မဆို လိုအပ်သည့်အချိန်ထက် ပို၍ ချုပ်နှောင်ထားရန် အခွင့်အာဏာမရှိချေ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ - ၆၁ အရ မည်သည့်ရဲအရာရှိမဆို ရဲအရေးပိုင်သည့်အမှုဖြင့် ဖမ်းဆီးခံရသူတဦးကို (၂၄) နာရီထက် ပိုမို၍ ချုပ်နှောင်ထားခွင့်မရှိချေ။ ထိုကဲ့သို့ဥပဒေအရ (၂၄) နာရီတိတိ ဖမ်းဆီးချုပ်နှောင်ခွင့်ပေးထားရခြင်းမှာလည်း ဖမ်းဆီးခြင်း ခံရသူသည် ပြစ်မှုကျူးလွန်ခဲ့သူ ဟုတ်/မဟုတ်ဆိုသည်ကို စုံစမ်းထောက်လှမ်းနိုင်ရန်အတွက် အချိန်ပေးထားခြင်း ဖြစ်သည်။

အထက်ဖေါ်ပြပါ (၂၄) နာရီ အချိန်ကာလအတွင်း စုံစမ်းထောက်လှမ်းခြင်းကို အပြီးသတ်နိုင်ရန် လက္ခဏာ မရှိသည့်အပြင်၊ ပြစ်မှုကျူးလွန်ပါသည်ဟု စွပ်စွဲခြင်းခံရသူအပေါ် စွပ်စွဲထားသည့် စွပ်စွဲချက် (သို့မဟုတ်) သတင်းပေးချက်သည် ခိုင်လုံသည်ဟု ယုံကြည်ရန် အကြောင်းများရှိသည့်အခါတွင် စွပ်စွဲခြင်းခံရသူကို ဖမ်းဆီးထားသည့်နေရာနှင့် အနီးဆုံးနေရာရှိ ရာဇဝတ်တရားသူကြီးထံ ချက်ချင်း တင်ပို့လျက် အဆိုပါ ရာဇဝတ်တရားသူကြီးထံမှ ဆက်လက်ဖမ်းဆီးချုပ်နှောင်ခွင့် အမိန့်ကို တောင်းခံရမည်ဟူ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ - ၁၆၇ နှင့် ရဲလက်စွဲဥပဒေ အပိုဒ် - ၁၃၄၇ တို့တွင် အတိအလင်း ပြဌာန်းထားသည်။ ဆက်လက် ချုပ်နှောင်နိုင်ရန် ရမန်အမိန့် တောင်းခံခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ ရမန်အမိန့် တောင်းခံရာတွင် အောက်ပါ အချက်အလက်များနှင့် ပြည့်စုံရမည် ဖြစ်သည်။

- ရဲတပ်ဖွဲ့စခန်းမှူး (သို့မဟုတ်) စုံစမ်းထောက်လှမ်းခြင်းပြုသော ရဲအရာရှိက
- ရမန်လျှောက်လွှာပုံစံပေါ်တွင် ရမန်လျှောက်ထားချက်ကို ရေးသားပြီး၊
- အမှုစုံစမ်းစစ်ဆေးထားသည့် အမှုနေ့စဉ်မှတ်တမ်း မိတ္တူတစောင်နှင့်အတူ
- စွပ်စွဲခံရသူကိုပါ တပါတည်းခေါ်ဆောင်လျက် ရမန်ပေးမည့် ရာဇ၀တ်တရားသူကြီး ရှေ့မှောက်သို့ ရောက်အောင် တင်ပို့ပေးရမည်ဖြစ်သည်။

ထိုသို့ တင်ပို့လာသည့်အခါတွင် ရမန်ပေးမည့် ရာဇဝတ်တရားသူကြီးသည် မိမိသင့်သည်ထင်မြင်သည့် အတိုင်း စွပ်စွဲခံရသူကို ဆက်လက် ချုပ်နှောင်ထားခွင့်ပြုနိုင်သည်။ သို့ရာတွင် အောက်ပါအတိုင်းသာ ခွင့်ပြုရမည် ဖြစ်သည်။

- စွပ်စွဲခြင်းခံရသူ ကျူးလွန်သည့် ပြစ်မှုသည် (၇) နှစ်နှင့်အထက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခြင်း ခံရနိုင်သည့် ပြစ်မှုအမျိုးအစားမျိုးဖြစ်လျှင် ချုပ်နှောင်ခွင့်ပေးရမည့် ကာလသည် စုစုပေါင်း ရက်ပေါင်း (၃၀) ထက် မပိုစေရ။

- စွပ်စွဲခြင်းခံရသူ ကျူးလွန်သည့် ပြစ်မှုသည် (၇) နှစ်အောက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခြင်း ခံရနိုင်သည့် ပြစ်မှုအမျိုးအစားမျိုးဖြစ်လျှင် ချုပ်နှောင်ခွင့်ပေးရမည့် ကာလသည် စုစုပေါင်း (၁၅) ရက်ထက် မပိုစေရဟု ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ - ၁၆၇ (၁) တွင် အတိအလင်း ပြဌာန်းထားပါသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ဖမ်းဆီးချုပ်နှောင်ထားသည့်ကာလ (၂၄) နာရီထက် ကျော်လွန်သွားပါက ရာဇဝတ်တရားသူကြီးထံ တင်ပို့၍ ချုပ်မိန့်ရမန် ရယူရန် ပြဌာန်းထားရသည့် အကြောင်းမှာ မည်သည့် ဖမ်းဆီးချုပ်နှောင်ခံရသူကိုမဆို တရားရုံး၏ ကြည့်ရှုစောင့်ရှောက်မှုအောက်သို့ ရောက်ရှိစေလျက် ဥပဒေအရ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန်အတွက်ပင်ဖြစ်သည်။ ရဲတပ်ဖွဲ့ဟူသည် တစုံတယောက် ပြစ်မှုကျူးလွန်ခြင်းရှိ/မရှိကို စုံစမ်းထောက်လှမ်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ တရားရုံးသို့ တင်ပို့တရားစွဲဆိုရခြင်း စသည့် တရားစွဲအဖွဲ့အစည်း၏ အဓိကကျသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရခြင်း ဖြစ်သည်။

ထို့ကြောင့် ဥပဒေသဘောအရ ကြည့်ပါက မည်သည့်ရဲအရာရှိမဆို ၎င်းတို့ သင်္ကာမကင်း၍ ဖမ်းဆီးထားသည့် မည်သူ့ကိုမဆို ၎င်းတို့၏ လက်ဝယ်တွင် ပြစ်မှုနှင့်စပ်လျဉ်း၍ အမျိုးမျိုးသော စစ်ဆေးမေးမြန်းမှုများဖြင့် စစ်ဆေးမေးမြန်းကြမည်ဖြစ်သည်။ ဖမ်းဆီးခြင်းခံရသူ အမှုကို ဝန်ခံလာစေရန်အတွက် ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကိုလည်း ကျူးလွန်လာနိုင်သည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ခြင်းခံရပါက ဖမ်းဆီးခံရသူ၏ အခွင့်အရေး များစွာ ဆုံးရှုံးနစ်နာမည်ဖြစ်သည်။

လက်တွေ့အားဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူများကို ရဲထောက်လှမ်းရေး၊ အထူးသတင်းတပ်ဖွဲ့ စသည်တို့သည် ဖမ်းဆီးပြီးနောက်ပိုင်း (၂၄) လေးနာရီကျော်လွန်သည့် ကာလတွင် ရာဇဝတ်တရားသူကြီးထံမှ ချုပ်မိန့်ရမန် ရယူခြင်းမရှိဘဲ ၎င်းတို့စိတ်ထင်တိုင်း စစ်ဆေးနှိပ်စက်ခဲ့ကြ သည်မှာ ထင်ရှားသည့် သာဓကများပင် ဖြစ်သည်။
× × × × ×



ဆက်လက်ရေးသားပါအုံးမည်။

စာဖတ်သူများကို အစဉ်လေးစားလျက်-
စောကျော်ကျော်မင်း
(၁၈.၂.၂၀၁၀)

No comments:

Post a Comment