ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 17, 2010

ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှက်

December 17th, 2010 | ရိုးမ ၃

အတန်းပိုင်ဆရာမက ကျောင်းသားများထံ ငွေကြေးကောက်ခံရာတွင် မထည့်နိုင်သည့် ကျောင်းသားများအား ရိုက်နှက်မှုကို ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများ မကျေမနပ်ဖြစ်နေကြသည်။


ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) ပဉ္စမတန်း (F)မှ အတန်းပိုင်းဆရာမ ဒေါ်စန်းစန်းဝင်းက ငွေကြေးမထည့်နိုင်သည့် ကျောင်းသားများကို ရိုက်နှက်ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

“ကျောင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကလေးတယောက်ကို ၁၅၀၀ ကျပ် ကောက်ပါတယ်။ အဲဒါကို (၅) တန်း (F) အခန်းက အတန်းပိုင် ဆရာမက အတင်းကောက်ခံပြီး ပိုက်ဆံမပေးနိုင်တဲ့ ကလေးတွေအားလုံးကို ရိုက်တာ၊ အဲဒီအတွက် မိဘတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

ကျောင်းသားများထံမှ ကျောင်းသားစုံညီပွဲတော်အတွက် (၅၀၀) ကျပ်၊ ပြက္ခဒိန်ကြေး (၅၀၀) ကျပ်၊ ကျောင်းဆရာမတစ်ယောက် ပင်စင်ယူသွားသည့်အတွက် ကျောင်းသားတဦးလျှင် (၃၀၀) ကျပ်၊ စာမေးပွဲကြေး (၂၀၀) ကျပ် အသီးသီးကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပိုက်ဆံကောက်တာက သဒ္ဒါကြေးအနေနဲ့ မကောက်ခံဘဲ အတင်းဓါးမြတိုက်သလို ကောက်ခံနေတာ၊ ကျောင်းစတက်ကတည်းက ကောက်ခံနေတဲ့ အခွန်ခတွေက အရမ်းများလွန်တဲ့အပြင် ဘာကြေးကို ဘယ်လိုပေးနေရမှန်း မသိအောင် ခဏခဏပေးနေရတယ်” ဟု ကျောင်းသားမိဘတဦးက ဆက်ပြောသည်။

ကျောင်းသားမိဘများအနေဖြင့် ယင်းကဲ့သို့ ကျောင်းဆရာ၊ ဆရာမများ၏ လုပ်ရပ်ကို အထက်ပညာရေး အာဏာပိုင်များထံ တိုင်တန်းလိုသော်လည်း သက်ဆိုင်ရာအာဏာပိုင်များက လာရောက်စစ်ဆေးမှုသာရှိပြီး အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၎င်းက ဆက်ပြောသည်။

“တိုင်ရင်လည်း သူတို့လူနဲ့ သူတို့ဆိုတော့ အချည်းနှီးဖြစ်မှာဆိုတာကြောင့် မတိုင်ဖြစ်တာ၊ တိုင်လည်း အထက်ကလာစစ်တာဘဲရှိတယ် အရေးယူတာ တခါမှမတွေ့ဘူးသေးဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် အကျင့်ပျက်ခြစားမှုများစွာရှိပြီး ပညာရေးကို ငွေဖြင့်ပေးဝယ်နေရကာ ငွေကြေးမတတ်နိုင်သည့်အတွက် ကျောင်းထွက်ရသည့် ကျောင်းသားပေါင်းများစွာရှိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

No comments:

Post a Comment