ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 7, 2010

အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

December 7th, 2010 | ဥာဏ်မောင်

အရှေအာရှနှင့် ပိစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုး ဆက်(ဖ) ၀ိုင်ယွန်း (Joseph Y Yun) သည် မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ ဖိတ်ကြားချက်ဖြင့် ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိသည်ဟု အစိုးရအရာရှိတဦးက ပြောသည်။

သူသည် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု သတင်းရရှိသည်။


အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေးနှင့် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ခြွင်းချက်မရှိ အားလုံး အမြန်ဆုံး လွှတ်ပေးရေးကိုလည်း တောင်းဆိုထားခဲ့ပေသည်။ လက်ရှိ မြန်မာစစ်အစိုးရအားလည်း စီးပွားရေး ပိတ်ဆို့ထားသည့်အတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို တရုတ်နှင့် ပိုမိုနီးစပ်စေရန် တွန်းပို့သကဲ့သို့ ဖြစ်နေသည်ဟုလည်း ဝေဖန်မှုများရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီး နှစ်ရက်မြောက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုးလေး (P.J. Crowley) က မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို သေချာသော အခြေအနေတခုအောက်တွင် မတူကွဲပြားသော ဆက်ဆံရေးမူဖြင့် ဆက်ဆံသွားကြရလိမ့်မည်ဟု ဝါရှင်တန်တွင် ပြောခဲ့သည်။

ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်(ဖ)ယွန်းသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ပထမဦးဆုံး လာရောက်တွေ့ဆုံသည့် အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်အမြင့်ဆုံး အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကာလအတွင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်ဘဲလ်နှင့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊ ယခုနှစ်မေလတွင် တစ်ကြိမ် တွေ့ ဆုံခဲ့သည်။

ဂျိုးဆက်(ဖ)ယွန်းသည် ဗြိတိန်နိုင်ငံက ကမ္ဘာကျော် LSE ခေါ် လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံတက္ကသိုလ် Wales တက္ကသိုလ်တို့မှာ ပညာဆည်းပူးခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၈၅ ခုနှစ်က စတင် အမှုထမ်းခဲ့ကာ တောင်ကိုးရီးယား၊ ထိုင်း၊ ပြင်သစ်၊ အင်ဒိုနီးရှားနှင့် ဟောင်ကောင်တို့မှာရှိတဲ့ အမေရိကန်သံရုံးများမှာ နိုင်ငံရေးသံတမန်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ လက်ရှိ အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို တော့ ယခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါသည်။

သူ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပါအ၀င် အခြားနိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များအပြင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် စစ်ဗိုလ်ချုပ်ကြီးများနှင့်ပါ တွေ့ ဆုံမည်ဟု သတင်းရရှိသည်။

“မစ္စတာယွန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ ပေါ်လစီကို ပြန်လည်မသုံးသပ်မီ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေရဲ့ ထင်မြင်ယူဆချက်တွေကို လာရောက် လေ့လာစုံစမ်းကြည့်တာလို့ ကျွန်တော်ထင်ပါတယ်” ဟု ရန်ကုန်မြို့ရှိ အငြိမ်းစားသံတမန်တဦးက ပြောသည်။

No comments:

Post a Comment